ရန်ကုန်၊ ဧပြီ ၁၇
စစ်ကောင်စီ၏ နှစ်သစ်ကူးလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခံထားရသည့် နာမည်ကြီး မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ ရှင်ဒေဝီသည် ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။
မရှင်ဒေဝီ လွတ်မြောက်လာသည့်အခြေအနေနှင့် ပတ်သက်၍ မြန်မာနိုင်ငံနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်အဖွဲ့ဝင် ကိုသိုက်ထွန်းဦးက “ဟုတ်ပါတယ်။ ဆရာမရှင်ဒေဝီ ပြန်လွတ်လာပါတယ်” ဟု အတည်ပြု ပြောကြားသည်။
ရှင်ဒေဝီသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးဝင်းအတွင်း၌ အွန်လိုင်းမှ မှာယူထားသော ရိုက်ကူးရေးဒရုန်းကို သွားရောက်ထုတ်ယူစဉ် စစ်ဆေးဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
၎င်းကို စစ်ကောင်စီက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် တရား စွဲဆိုခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် အင်းစိန်ထောင်တွင်းစစ်ခုံရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြင်း ပြင်းထန်ထန် ချမှတ်ခဲ့ခြင်းဖြစ်သည်။
အသက် ၅၀ နှစ်အရွယ်ရှိ ရှင်ဒေဝီသည် ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးတွင် ၂ ပတ်ခန့်ကြာမြင့်စွာ ရိုက်နှက်စစ်ဆေးမေးမြန်းမှုများကို ခံခဲ့ရကြောင်းလည်း သိရသည်။
ရှင်ဒေဝီသည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကာလကတည်းက စစ်အာဏာ ရှင်စနစ်ကို ဆန့်ကျင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးကဲ့သို့သော မြန်မာ့နိုင်ငံရေး အချိုးအကွေ့များကို မှတ်တမ်းရုပ်ရှင်များအဖြစ် ဖန်တီးကာ နိုင်ငံတကာသို့ တင်ပြခဲ့သည့် ထင်ရှားသော အမျိုးသမီးမှတ်တမ်းရုပ်ရှင်ရိုက်ကူးသူနှင့် သတင်းထောက်တစ်ဦးလည်း ဖြစ်သည်။
ဓာတ်ပုံ- PPNM ။




