ရန်ကုန်၊ ဧပြီ ၁၇
စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဦးမင်းအောင်လှိုင်ဖြစ်လာသော်လည်း အကြမ်းဖက် အမူ အကျင့် အတိုင်း ပြည်သူကို သတ်ဖြတ်နေ၍ တရားမျှတမှုဖော်ဆောင်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောဆိုလိုက်သည်။
ယမန်နေ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွဲ့စည်းခြင်း (၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြည်သူလူထုသို့ မိန့်ခွန်းပြောကြားရာတွင် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဟန်ပြရွေးကောက်ပွဲမှတစ်ဆင့် သမ္မတအမည်ခံကာ ဝတ်ရုံပြောင်းလဲသော်လည်း ပြည်သူကို သတ်ဖြတ်နေသည့် အကြမ်းဖက်စရိုက်များမှာ ပြောင်းလဲခြင်းမရှိကြောင်းနှင့် ၎င်းတို့ကျူးလွန်မှုများအတွက် တရားမျှတမှုဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြေးညီ ကျင်းပနိုင်ခြင်းမရှိသည့် ဟန်ပြရွေးကောက်ပွဲမှတစ်ဆင့် မိမိကိုယ်ကိုယ် သမ္မတအဖြစ် ခန့်အပ်ကာ မဏ္ဍိုင်သုံးရပ်လုံးကို စိတ်တိုင်းကျ လွှမ်းမိုးချုပ်ကိုင်ရန် ကြိုးပမ်းနေကြောင်း ဝေဖန်ခဲ့သည်။
“အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကနေပြီး အကြမ်းဖက်သမ္မတ ဦးမင်းအောင်လှိုင် အဖြစ် ဝတ်ရုံပြောင်းလဲတာကလွဲလို့ ကျန်တဲ့ အကြမ်းဖက်စရိုက် အမူအကျင့်များကို မူလအတိုင်း ဆက်လက် လုပ်ဆောင်မှာပဲဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ဆိုသည်။
အကြမ်းဖက်ခေါင်းဆောင်သည် ယခုကဲ့သို့ မိမိကိုယ်ကိုယ် သမ္မတအဖြစ် တရားမဲ့ခန့်အပ်နိုင်ရန်အတွက် မဲစာရင်းမှားယွင်းမှုများ ဖြစ်ခဲ့သယောင် လိမ်လည်အကြောင်းပြကာ အဓမ္မအာဏာသိမ်းပြီး တိုင်းပြည်နှင့် ပြည်သူလူထု၏ အနာဂတ်အကျိုးစီးပွားများကို ကဏ္ဍပေါင်းစုံမှ ပျက်စီးဆုတ်ယုတ်သွားအောင် ချနင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာလုယူပြီးချိန်မှစ၍ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့အထိ စစ်ကောင်စီ၏ လက်ချက်ကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၇,၉၇၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ နိုင်ငံတော်ခေါင်းဆောင်များအပါအဝင် ပြည်သူ ၂၂,၁၇၀ ဦး ကို ဖမ်းဆီးချုပ်နှောင်ထားဆဲဖြစ်ကြောင်း မိန့်ခွန်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လတစ်လတည်း၌ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း ၂၁၀ ခု ရှိခဲ့ပြီး၊ အရေအတွက်အားဖြင့် ၉၁၇ ကြိမ် ရှိကာ အပြစ်မဲ့ပြည်သူ ၄၈၃ ဦး သေဆုံးခဲ့ရသည်။ ထင်ရှားသော သတ်ဖြတ်မှုအဖြစ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူပေါင်း ၁၆၈ ဦး ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ခြင်းကို ထောက်ပြခဲ့သည်။
စစ်ခေါင်းဆောင်သည် ပြည်သူလူထုကို လူဟု သတ်မှတ်ခြင်းမရှိဘဲ ဘက်မတူသူမှန်သမျှ ရန်သူဟု သဘောထားကာ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့် ပြစ်မှုများကို အကြိမ်ကြိမ်ကျူးလွန်နေသူဖြစ်ကြောင်း ပြတ်ပြတ်သားသား မြင်ကြရန် လိုအပ်သည်ဟု ဆိုသည်။
NUG အစိုးရအနေဖြင့် စစ်တပ်၏ နိုင်ငံရေးအခန်းကဏ္ဍကို အပြီးတိုင်အဆုံးသတ်နိုင်ရန်နှင့် ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေးကို အဓိကနိုင်ငံရေးဦးတည်ချက်အဖြစ် ထားရှိကြောင်း ဝန်ကြီးချုပ်က အလေးအနက် ပြောကြားသည်။
ထို့ပြင် နောက်ထပ်ဦးတည်ချက်တစ်ခုအနေဖြင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန် နှင့် ယင်းဖွဲ့စည်းပုံအောက်မှ ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်သွားမည်ဟု ဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအောက်က မည်သည့်နိုင်ငံရေးအခင်းအကျင်းမဆို စစ်တပ်၏ အခွင့်ထူးခံမှုများသာ ဖြစ်နေမည်ဖြစ်ပြီး စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာမည်မဟုတ်ကြောင်း ၎င်းက သတိပေးခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရန် ကဏ္ဍကြီး ၆ ရပ်ခွဲကာ ဆောင်ရွက်လျက်ရှိသည်။ လက်ရှိတွင် ဖက်ဒရယ်ယူနစ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အသိအမှတ်ပြုသည့်အနေဖြင့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးဒေသအစိုးရများထံသို့ အုပ်ချုပ်ရေးနှင့်တကွ ကဏ္ဍအသီးသီးကို လွှဲပြောင်းနိုင်ရန် ဆောင်ရွက်နေပြီဖြစ်သည်။
ထို့အပြင် ၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင် ဖွဲ့စည်းလိုက်သည့် “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ၏ ဦးဆောင်မှုအောက်တွင် စစ်အောင်နိုင်ရေး၊ နိုင်ငံခြားရေး၊ ဖက်ဒရယ်ရေး၊ ဘဏ္ဍာရေးနှင့် လုံခြုံရေးကဏ္ဍများကို ဗျူဟာကျကျ ပေါင်းစပ်ဆောင်ရွက်သွားမည်ဖြစ်သည်။
NUG ဝန်ကြီးချုပ်က ၅ နှစ်တာ ခုခံတွန်းလှန်စစ်အတွင်း ပြည်သူလူထု၏ တစ်ခဲနက်ထောက်ခံမှု၊ ရဲဝံ့သော ရပ်တည်ချက်နှင့် “ကိုယ်ထူကိုယ်ထ” ကြိုးပမ်းမှုများကြောင့် ယခုကဲ့သို့ အောင်မြင်မှုများ ရရှိနေခြင်းဖြစ်ကြောင်းနှင့် ချမှတ်ထားသော ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်သို့ ရောက်ရှိသည်အထိ အတူတကွ ဆက်လက်လျှောက်လှမ်းသွားမည်ဖြစ်ကြောင်း ကတိပြုပြောကြားသည်။




