26 C
Yangon

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထားသူ အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် ကုလသမဂ္ဂက တောင်းဆို

Must read

ရန်ကုန်၊ ဧပြီ ၁၈

အကြမ်းဖက်စစ်တပ်က မတရားထိန်းသိမ်း ဖမ်းဆီးထားသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က တောင်းဆိုသည်။

မြန်မာနိုင်ငံတွင် သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ပြစ်ဒဏ်လျှော့ ပေါ့ပေးခြင်းနှင့် သေဒဏ်ကျအကျဉ်းသားများကို တစ်သက်တစ်ကျွန်း ပြောင်းလဲသတ်မှတ်ပေးခြင်း အပါ အဝင် လွတ်ငြိမ်းချမ်းသာခွင့် အစီအစဉ်များကို ကုလသမဂ္ဂက သတိပြုမိသော်လည်း ကျယ် ပြန့်သော နိုင်ငံရေးခြေလှမ်းများ လိုအပ်နေကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ပြောဆိုသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်၏ ပြောရေးဆိုခွင့်ရှိသူ စတီဖင် ဒူဂျာရစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူ အားလုံးကို အမြန်ဆုံး လွှတ်ပေးနိုင်ရေးအတွက် ပိုမိုထိရောက်ပြီး အဓိပ္ပာယ်ရှိသည့် ခြေလှမ်းများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားသည်။

မြန်မာနိုင်ငံတွင် ယုံကြည်စိတ်ချရသည့် နိုင်ငံရေးလုပ်ငန်းစဉ်များ ဖြစ်ပေါ်လာရန်အတွက် အကျဉ်းသားလွှတ်ပေးရုံဖြင့် မလုံ လောက်ဘဲ ပိုမိုကျယ်ပြန့်သော တိုးတက်မှုများ လိုအပ်နေသေးကြောင်း ကုလသမဂ္ဂက ထောက်ပြထားသည်။

“လက်တွေ့ကျတဲ့ နိုင်ငံရေးအရ ဖြေရှင်းမှုဆိုတာ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့နဲ့ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေလုပ်ဖို့ အစစ်အမှန် ကတိကဝတ်ပြုမှုအပေါ်မှာပဲ အခြေခံရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေးတွေကို လွတ်လပ်ငြိမ်းချမ်းစွာ ကျင့်သုံးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးဖို့လည်း လိုအပ်ပါတယ်” ဟု ဒူဂျာရစ်က ဆိုသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်အနေဖြင့် မြန်မာနိုင်ငံရှိ သက်ဆိုင်သူအားလုံးနှင့် ၎င်း၏ အထူးကိုယ် စားလှယ် ဂျူလီဘစ်ရှော့ပ် (Julie Bishop) တို့အကြား ဆက်လက်ဆွေးနွေးမှုများ ပြုလုပ်သွားရန်လည်း တိုက်တွန်းထားသည်။

မင်းအောင်လှိုင်က သမ္မတအဖြစ် အတင်းကျပ် လုယူပြီးနောက် ပထမဆုံးအကြိမ်အဖြစ် နိုင်ငံတစ်ဝန်းရှိ သေဒဏ်ကျအကျဉ်း သားအားလုံးကို တစ်သက်တစ်ကျွန်း ပြောင်းလဲသတ်မှတ်ပေးခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ လူပေါင်း ၃၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး၊ ၈,၇၀၀ ခန့် ပြန်လည်လွတ် မြောက်ခဲ့ကာ ၅ နှစ်တာအတွင်း သေဆုံးသူပေါင်း ၈,၀၀၀ နီးပါး ရှိခဲ့ကြောင်း ကုသမဂ္ဂက ထုတ်ပြန်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article