31 C
Yangon

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို လွှတ်ပေးခြင်းမှာ စစ်တပ်၏ နိုင်ငံရေးကစားကွက်သာဖြစ်ပြီး အာဏာရှင်ပြဇာတ် အစိတ်အပိုင်းဟု မြန်မာ့အရေးကျွမ်းကျင်သူများက ထောက်ပြ

Must read

ရန်ကုန်၊ ဧပြီ ၁၉

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို ပြန်လည်လွှတ်ပေးခဲ့ခြင်းမှာ စစ်တပ်၏ နိုင်ငံရေးကစားကွက်တစ်ခုသာဖြစ်ပြီး အာဏာရှင်ပြဇာတ်၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူ ပညာရှင်များက ထောက်ပြပြောဆိုသည်ဟု AFP သတင်းဌာနက ဖော်ပြသည်။

အာဏာသိမ်းမှုအတွင်း ရာထူးမှဖယ်ရှားခံခဲ့ရသည့် သမ္မတ ဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာခြင်းကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ကံကြမ္မာအပေါ် ခန့်မှန်းချက်များ မြင့်တက်လာခဲ့သော်လည်း၊ ဒီမိုကရေစီ ပြန်လည်ရှင်သန်လာရေး စောင့်ကြည့်နေသူများကြားတွင်မူ အကောင်းမြင်စိတ် နည်းပါးလျက်ရှိသည်။

အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာလေ့လာရေးအဖွဲ့ (IISS) မှ သုတေသနပညာရှင် Morgan Michaels က “ဒါဟာ ဖြစ်နိုင်ခြေရှိတဲ့ ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ဒါကို စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဒါမှမဟုတ် ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်တဲ့ ခြေလှမ်းလို့ အထင်မမှားသင့်ဘူး” ဟု သတိပေးပြောကြားသည်။

၎င်းက ဆက်လက်၍ စစ်ခေါင်းဆောင်များသည် ၎င်းတို့၏ ပြင်းထန်သော အုပ်ချုပ်မှုနှင့် အကြမ်းဖက်နှိမ်နင်းမှုများကြောင့် အဖွဲ့အစည်းဆိုင်ရာ ရည်မှန်းချက်များအပေါ် ထိခိုက်မှုရှိလာသည့်အခါ နိုင်ငံတကာ၏ ဖယ်ကြဉ်ခံရမှုမှ လွတ်မြောက်ရန် လွတ်ငြိမ်းချမ်းသာခွင့်များပေးခြင်းဖြင့် “ရှင်သန်ရေး မဟာဗျူဟာ” ကို အသုံးချလေ့ရှိသည့် သမိုင်းကြောင်းရှိကြောင်း ထောက်ပြသည်။

လွတ်လပ်သော မြန်မာ့အရေးလေ့လာသူ David Mathieson ကလည်း ဦးဝင်းမြင့် လွတ်မြောက်လာခြင်းမှာ “အာဏာရှင်ပြဇာတ်” ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ကြောင်း ဝေဖန်သည်။

“နိုင်ငံရေးအကျဉ်းသားတွေကို မင်းအောင်လှိုင်က နိုင်ငံရေးကစားကွက်အတွက် အသုံးချနေတာဟာ ပြုပြင်ပြောင်းလဲမှု မဟုတ်ဘဲ ၎င်းအစိုးရသစ်ရဲ့ တည်ငြိမ်မှုအပေါ် ယုံကြည်ချက်ရှိနေတာကို ပြသနေခြင်းသာ ဖြစ်တယ်။ ဒါဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး၊ ပုံရိပ်ကောင်းအောင် လုပ်ယူနေတာပဲ” ဟု ၎င်းက ဆိုသည်။

စစ်တပ်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း ရွေးကောက်ခံအစိုးရကို ဖယ်ရှားကာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် အဆင့်မြင့်အရာရှိကြီးများကို ဖမ်းဆီးခဲ့သည်။

ဧပြီလ ၁ ရက်နေ့ သမ္မတ ဦးဝင်းမြင့်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ခြင်းမှာ အသွင်ပြောင်း မင်းအောင်လှိုင်၏ အကြီးမားဆုံးသော လိုက်လျောမှုဖြစ်လာသည်။

သို့သော်လည်း ပြည်သူများအကြားတွင်မူ မျှော်လင့်ချက် နည်းပါးနေဆဲဖြစ်သည်။ ရန်ကုန်မြို့နေ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦးက “ဒီလွှတ်ပေးမှုအပေါ် ဘာမှ သိပ်မမျှော်လင့်ပါဘူး။ သူက အစကတည်းက မတရားဖမ်းဆီးခံခဲ့ရတာဖြစ်လို့ ကျေးဇူးတင်နေစရာ အကြောင်းမရှိဘူး” ဟု ပြောဆိုသည်။

လက်ရှိတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် လုံခြုံရေးတိုးမြှင့်ထားခြင်း မရှိသေးသည့်အတွက် သူမသည် နေပြည်တော်တွင်သာ ဆက်လက်ရှိနေဦးမည်ဟု ယူဆရသည်။ NLD ပါတီဝင်တစ်ဦးကလည်း “အန်တီ့ကို အိမ်ပြန်ပို့မယ့် အရိပ်အယောင် ခုထိ မတွေ့ရသေးဘူး” ဟု ဆိုသည်။

မင်းအောင်လှိုင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မှုရှိသည်ဟု စွပ်စွဲကာ အာဏာသိမ်းခဲ့ပြီး ၅ နှစ်အကြာတွင် ၎င်းတို့အလိုကျ ရွေးကောက်ပွဲအသစ်ကို ပြန်လည်ကျင်းပကာ သမ္မတအဖြစ် ကျမ်းသစ္စာဆိုခဲ့ခြင်းဖြစ်သည်။

ဦးဝင်းမြင့်သည် လက်ရှိတွင် နေပြည်တော်ရှိ သမီးဖြစ်သူ၏အိမ်၌ ကျန်းမာစွာရှိနေသော်လည်း လူသိရှင်ကြား ပြောကြားချက်တစ်စုံတစ်ရာ မရှိသေးပေ။

ရန်ကုန်မြို့ခံ လူငယ်တစ်ဦးကမူ “သူ့ကို အနီးကပ် စောင့်ကြည့်နေဦးမှာပဲ။ ဒါကြောင့် ဒီအခြေအနေမှာ သူလုပ်နိုင်မယ့် နိုင်ငံရေးအပြောင်းအလဲ အစစ်အမှန်ဆိုတာ ဘာမှ မျှော်လင့်မထားဘူး” ဟု သုံးသပ်ပြောကြားသည်။

ဓာတ်ပုံ- AFP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article