ရန်ကုန်၊ ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ ကျောက်ဆည်ပြင်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ၂ ကြိမ် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၃ ပါး အပါအဝင် ပြည်သူ ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသော စာရေးဆရာ ဝေဟင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီခန့်နှင့် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မြောက်ဦးမြို့နယ်၊ ကျောက်ဆည်ပြင်ရွာနှင့် ကျေးရွာအနီးဝန်းကျင်ကို ပေါင်း ၅၀၀ ဗုံးများဖြင့် ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း ကျောက်ဆည်ပြင်ရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး သံဃာတော် ၃ ပါး၊ အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ၁၃ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဆောင်နှင့် သိမ်တော် ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ကျေးရွာအတွင်းရှိ နွား ၅ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။
“နံနက်က ၁၀ နာရီ ခန့်မှာ ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ ကျချတိုက်ခိုခဲ့တာမှာ ကျောက်ဆည်ပြင်ရွာ အနီးကိုကျရောက်ပေါက်ကွဲတယ်။ နေလည် ၁၂ နာရီခွဲလောက်မှာ နောက်ထပ် ပေါင် ၅၀၀ ဗုံး ၂ လုံးနဲ့ လာကျချတိုက်ခိုက်တာမှာ အဲ့ချိန်မှာ ဘုန်းကြီးကျောင်း ထိမှန်ပြီး ဘုန်ကြီးကျောင်းရယ် သိမ်ရယ်ပျက်စီးသွားတယ်။ ရဟန်းသင်္ဃာတော် ၃ ပါး၊ အမျိုးသမီး ၂ ဦး၊ အမျိုးသား ၈ ဦး စုစုပေါင်း ၁၃ ဦးက ထိခိုက်ဒဏ်ရာပြင်းထန်းရရှိခဲ့တယ်။ တချို့မှာ စိုးရိမ်ရတဲ့ အခြေအနေရှိပါတယ်။ တစ်ဆက်တည်းမှာပဲ နွား ၅ ကောင် သေဆုံးပြီး ၁ ကောင် ဒဏ်ရာရသွားတယ်” ဟု စစ်ဘေးရှောင်များကို ကူညီဆောင်ရွက်ပေးနေသော စာရေးဆရာ ဝေဟင်အောင်က ပြောဆိုသည်။
အလားတူ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်နှင့် ရေဖြူကန်ကျေးရွာအနီးကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၃ စီးဖြင့် ပေါင် ၅၀၀၊ ပေါင် ၃၀၀ နှင့် ပေါင် ၂၀၀ အမျိုးအစား ဗုံး ၁၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုလေကြောင်း တိုက်ခိုက်မှုအတွင်း နေအိမ် ၁၀ လုံးခန့် ပျက်စီးခဲ့သည့်အပြင် ပုဏ္ဏားကျွန်းမြို့နယ် ဓာတ်အားခွဲစက်ရုံ၊ နတလကျောင်းနှင့် အမြန်လမ်းမကြီးတို့ ပျက်စီးခဲ့ကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး- PYA က ထုတ်ပြန်ထားသည်။







