34 C
Yangon

ပြည်မြို့နယ်တွင် အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကံမြင့်တို့ ပျောက်ဆုံးနေ၍ စစ်တပ်က ပြည်သူများကို လိုက်လံ ဖမ်းဆီးစစ်ဆေးနေ

Must read

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကံမြင့်တို့ ပျောက်ဆုံးနေ၍ စစ်တပ်က ပြည်သူများကို လိုက်လံ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလပိုင်းအတွင်း ပြည်မြို့နယ်၊ ခွေးရဲရွာမကျေးရွာအုပ်စု ချင်ရုတ်ကုန်းရွာတွင် နေထိုင်သော ပျူစောထီး ကံမြင့်ကို အမည်မသိ လူတစ်ဦးက ဝင်ရောက်ဖမ်းဆီးသွားကြောင်း၊ ဖမ်းဆီးခံရသော ပျူစောထီး ကံမြင့်သည် ပျူစောထီး ခေါင်းဆောင် လှမြင့်၏ တပည့်အရင်းဖြစ်ပြီး လှမြင့်သေဆုံးသွားပြီးနောက် လှမြင့်၏သားဖြစ်သူ စိုင်းသီဟ (ခ) ချိုကြီး ဦးဆောင်သော ပျူစောထီးအဖွဲ့နှင့် လိုက်ပါ၍ ပေါင်းတလည်မြို့ပေါ်တွင် ဧည့်စာရင်းစစ်ဆေးခြင်း၊ ပေါ်တာဆွဲခြင်းနှင့် အမှုဆင် ဖမ်းဆီးများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

အလားတူ ဧပြီလ ၁၇ ရက်နေ့ကလည်း ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေ အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းသည် ခရီးသွားနေစဉ် ပျောက်ဆုံးသွားကြောင်း၊ တင်မောင်ဆန်း၏ မိသားစုဝင်များကလည်း လက်ရှိချိန်ထိ အဆက်အသွယ် မရရှိသေးသောကြောင့် အကြမ်းဖက် စစ်တပ်ထံ အကူအညီ တောင်းခံထားကြောင်း သိရှိရသည်။

တင်မောင်းဆန်းသည်လည်း ဝက်ထီးကန်နယ်မြေအတွင်း အမည်ကြီးဆိုးဖြင့် ကျော်ကြားသူဖြစ်ပြီး ယခုနှစ် မတ်လ ၂ ရက်နေ့တွင် အကြမ်းဖက် မင်းအောင်လှိုင်ကပေးအပ်ခဲ့သည့် လူမှုထူးချွန်ဆု တတိယအဆင့် ရရှိထားသူဖြစ်ကြောင်း သိရသည်။

ထိုသို့ အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကံမြင့်တို့ ပျောက်ဆုံးနေခြင်းကြောင့် အကြမ်းဖက် စစ်တပ်က ဧပြီလ ၁၈ ရက်နေ့ ညပိုင်းတွင် အင်းဝင်းကျေးရွာအုပ်စုဘက်ကို အကြမ်းဖက် စစ်သားနှင့် ရဲများ ရောက်ရှိလာပြီး တောင်သူ ၃ ဦးကို ဝက်ထီးကန်ရဲစခန်းထဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ၁ ဦးလျှင် ငွေကျပ် ၅ သိန်းဖြင့် စခန်းမှူး အောင်ကျော်ကျော်က ပြန်ရွေးခိုင်းကြောင်း သိရှိရသည်။

“စစ်ခွေးတွေက သူတို့ လက်အောက်ခံတွေ ပျောက်ဆုံးနေတာနဲ့ ပတ်သက်ပြီး ပြည်သူတွေကို လိုက်ရန်ရှာနေတာ သူတို့ ဘာသတင်းမှ စုံစမ်းလို့ မရလို့ ပြည်သူတွေကို လိုက်ဖမ်းဆီး ဖမ်းဆီးစစ်ဆေးတယ်။ သူတို့ဖမ်းထားတဲ့ သူတွေက ဘာမှမလုပ်ထားမှန်းသိတော့ ငွေနဲ့ လိုက်ရွေးထုတ်ခိုင်းနေတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယင်းသို့ ပျောက်ဆုံးနေသော အုပ်ချုပ်ရေးမှူး တင်မောင်ဆန်းနှင့် ပျူစောထီး ကိစ္စနှင့်ပတ်သတ်ပြီး တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားခြင်းမရှိသေးဘဲ ရန်ကုန်ခေတ်သစ် သတင်းဌာနကလည်း မြေပြင် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းလျက်ရှိသည်။

ဓာတ်ပုံ- ပျောက်ဆုံးနေသော အင်းဝင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်မောင်ဆန်း

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article