34 C
Yangon

နိုင်ငံရေးအမှုများကို အခမဲ့လိုက်ပေးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ ရှေ့နေဒေါ်ဖြိုးဝေဝေမြင့် ပြည်အကျဉ်းထောင်တွင် ကင်ဆာရောဂါ ကျွမ်းနေသော်လည်း ဆေးကုသခွင့်မရရှိဘဲ အသက်အန္တရာယ်စိုးရိမ်ရ

Must read

ရန်ကုန်၊ ဧပြီ ၂၀

ပဲခူးတိုင်း၊ ပြည်အကျဉ်းထောင်အတွင်း နိုင်ငံရေးပုဒ်မများဖြင့် မတရားထောင်ဒဏ် ချမှတ်ခံထားရသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ဖြိုးဝေဝေမြင့် (ခ) မဖြိုးဖြိုးသည် ကင်ဆာရောဂါ ဝေဒနာကို ပြင်းထန်စွာ ခံစားနေရသော်လည်း အကျဉ်းထောင်အာဏာပိုင်များက လုံလောက်သော ဆေးကုသခွင့် မပေးသည့်အတွက် လက်ရှိတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် အခြေအနေသို့ ရောက်ရှိနေကြောင်း သိရသည်။

မကြာသေးမီက ထောင်မှ လွတ်မြောက်လာသူများ၏ ပြောကြားချက်အရ ဒေါ်ဖြိုးဝေဝေမြင့်သည် ၂၀၂၄ ခုနှစ်ကတည်းက လည်ပင်းတွင် အကြိတ်များ စတင်ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အဆိုပါ အကြိတ်များသည် ခန္ဓာကိုယ် နေရာအနှံ့အပြား၊ လက်မောင်း၊ ခေါင်းနှင့် ရင်ဘတ်တို့အထိ ပြန့်နှံ့လာခဲ့သည်။

ရင်ဘတ်ရှိ အကြိတ်များမှာ အလွန်နာကျင်လှသဖြင့် အတွင်းခံအင်္ကျီပင် ဝတ်ဆင်၍ မရတော့ဘဲ ပက်လက်ဖြစ်စေ၊ မှောက်လျက်ဖြစ်စေ အိပ်စက်ရန်ပင် မဖြစ်နိုင်တော့ကြောင်း သိရသည်။

ထို့အပြင် နားထဲတွင်ပါ အကြိတ်များ ပေါ်လာသည့်အတွက် နားတစ်ဖက်မှာ အသံမကြားရတော့ဘဲ ဝေဒနာပြင်းထန်မှုကြောင့် နေ့စဉ် ငိုကြွေးနေရသည်။ အကျဉ်းထောင်ဝန်ထမ်းတစ်ဦး၏ အဆိုအရ ၎င်းသည် အိမ်သာတက်ရန်ပင် မတတ်နိုင်တော့သည့်အထိ အားအင်ကုန်ခမ်းကာ ရောဂါသည်းနေသည်ဟု ဆိုသည်။

ပြည်အကျဉ်းထောင် ဆေးရုံတွင် အကိုက်အခဲပျောက်ဆေးပင် လုံလောက်စွာ မရှိသည့်အတွက် အပြင်မှ မိသားစုက မှာယူပေးသည့် ဆေးကိုသာ အားကိုးနေရသည်။ ထောင်အာဏာပိုင်များက ၎င်းအား ပြည်မြို့ ပြည်သူ့ဆေးရုံကြီးသို့ နှစ်ကြိမ်ခန့် အပြင်ဆေးရုံ ထုတ်ပြခဲ့သော်လည်း အစိုးရဆေးရုံက ကင်ဆာအတွက် အသားစယူ စစ်ဆေးခြင်း (Biopsy) ကဲ့သို့သော အခြေခံစစ်ဆေးမှုများကိုပင် လုပ် ဆောင်ပေးနိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါ အပြင်ဆေးရုံထုတ်သည့် အချိန်များတွင်လည်း မိသားစုထံ အသိပေးခြင်း မရှိခဲ့ဘဲ၊ သတင် းကြား၍ မိသားစုဝင်များက ဆေးရုံသို့ လိုက်သွားသည့်အခါတွင်လည်း တာဝန်ကျ ထောင်ဝန်ထမ်းများက တွေ့ဆုံခွင့် မပေးဘဲ မောင်းထုတ်ခဲ့သည်။

ထို့ကြောင့် မိသားစုဝင်များအနေဖြင့် လိုအပ်သည့် အထူးကုဆရာဝန်များနှင့် ပြသရန် သို့မဟုတ် ရန်ကုန်သို့ အသားစပို့၍ စစ်ဆေးရန် ကြိုးပမ်းမှုများမှာ လုံးဝ ပိတ်ပင်ခံထားရသည်။

ဒေါ်ဖြိုးဝေဝေမြင့်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးစအချိန်မှစ၍ မတရားဖမ်းဆီးခံရသည့် နိုင်ငံရေးအကျဉ်းသားများအတွက် ရှေ့နေခ လုံးဝမယူဘဲ အခမဲ့ ရှေ့နေလိုက်ပေးခြင်း၊ မိသားစုများနှင့် ချိတ်ဆက်ပေးခြင်းနှင့် အကူအညီများ ပေးအပ်ခြင်းတို့ကို စေတနာရှေ့ထား လုပ်ဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်၏ အမှုပေါင်း ၈၀ ကျော်ကို အခမဲ့ ကူညီပေးခဲ့သည်။

ထိုသို့ တက်ကြွစွာ ကူညီမှုများကြောင့် စစ်ကောင်စီ၏ အငြိုးထား စောင့်ကြည့်ခြင်းကို ခံခဲ့ရပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ၎င်းအား အကျဉ်းထောင်အက်ဥပဒေဖြင့် ထောင်ဒဏ် ၃ လနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) ဖြင့် ထောင်ဒဏ် ၁၀ နှစ်၊ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ်နှင့် ၃ လ မတရား ချမှတ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းဖမ်းဆီးခံရချိန်တွင်လည်း လိုက်လက်စအမှု ၂၅ မှုခန့် ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် ဒေါ်ဖြိုးဝေဝေမြင့်၏ အခြေအနေမှာ အချိန်နှင့်အမျှ ဆိုးရွားလာနေပြီး လုံလောက်သော အထူးကု ဆေးကုသမှု မရရှိပါက ရက်ပိုင်းအတွင်း အသက်ဆုံးရှုံးနိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article