ရန်ကုန်၊ ဧပြီ ၂၀
၂၀၂၆ ခုနှစ်၏ ပထမ ၃ လအတွင်း အကြမ်းဖက်စစ်ကောင်စီသည် အင်တာနက်လိုင်းများ ဖြတ်တောက်ကာ လေကြောင်းမှ အပြင်း အထန် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ကြောင်း မြန်မာအင်တာနက်ပရောဂျက် (MIP) က ထုတ်ပြန်လိုက်သည်။
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ မတ်လ ၃၀ ရက်အထိ ၃ လအတွင်း စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၄၂၃ ကြိမ် ပြုလုပ်ခဲ့သည်။ ယင်းတိုက်ခိုက်မှုများအနက် ၄၀၆ ကြိမ် (၉၆ ရာခိုင်နှုန်းခန့်) သည် အင်တာနက်လိုင်းများ ကြိုတင်ဖြတ်တောက်ပြီးမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
နယ်မြေအလိုက် တိုက်ခိုက်မှုများမှာ စစ်ကိုင်းတိုင်းတွင် ၁၉၆ ကြိမ်၊ မကွေးတိုင်းတွင် ၅၈ ကြိမ်၊ ရခိုင်ပြည်နယ်တွင် ၄၄ ကြိမ်၊တခြားဒေသများဖြစ်သော တနင်္သာရီ၊ ချင်း၊ ကချင်၊ ကရင်၊ မန္တလေး၊ ပဲခူး၊ ကရင်နီ၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင်လည်း အကြိမ်ရေအနည်းငယ်စီ တိုက်ခိုက်ခဲ့သည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ ၇၂၈ ဦး သေဆုံးခဲ့ပြီး၊ သေဆုံးသူများထဲတွင် အမျိုးသမီး ၁၀၇ ဦး၊ ကလေးငယ် ၅၀ ဦးနှင့် သက်ကြီးရွယ်အို ၃၀ ဦး ပါဝင်သည်။ ထူးခြားချက်မှာ သေဆုံးမှုအားလုံး၏ ၉၄ ရာခိုင်နှုန်းသည် အင်တာနက်ဖြတ်တောက်ခံထားရသော ဒေသများမှ ဖြစ်နေခြင်းပင်ဖြစ်သည်။
အဆောက်အအုံ ပျက်စီးမှုများအနေဖြင့် ဘာသာရေးအဆောက်အအုံ ၂၂ ခု၊ စာသင်ကျောင်း ၁၇ ကျောင်း၊ ဆေးရုံနှင့် ဆေးပေးခန်း ၁၃ ခု၊ ဘိုးဘွားရိပ်သာ၊ သုဿာန်နှင့် တံတားများလည်း ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီက သတင်းစီးဆင်းမှုကို ဖြတ်တောက်ကန့်သတ်ပြီးမှ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် အရပ် သားပြည်သူများမှာ ကြိုတင်သတိပေးချက် မရရှိဘဲ ထိခိုက်ဆုံးရှုံးမှု အလွန်မြင့်တက်နေရခြင်း ဖြစ်သည်။
အထူးသဖြင့် စစ်ရေးပဋိပက္ခ ပြင်းထန်သည့် စစ်ကိုင်း၊ မကွေးနှင့် ရခိုင်ဒေသတို့တွင် လေကြောင်းတိုက်ခိုက်မှု၏ ၇၀ ရာခိုင်နှုန်းခန့် ဖြစ်ပွားခဲ့ပြီး ရန်ကုန်နှင့် ဧရာဝတီတိုင်းမှအပ ကျန်ဒေသကြီးနှင့် ပြည်နယ်အားလုံးရှိ မြို့နယ်ပေါင်း ၉၉ မြို့နယ်တွင် တိုက်ခိုက်မှုများ ကြုံတွေ့နေရကြောင်း သိရှိရသည်။
ဓာတ်ပုံ- စစ်တပ်က စစ်ကိုင်းတိုင်း၊ သဖန်းဆိပ်ဆည်အတွင်း လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့စဉ်။





