ရန်ကုန်၊ ဧပြီ ၂၃
အမျိုးသားညီညွတ်ရေးအစိုးရ-NUGက အကောင်အထည်ဖော်နေသော တရားရေးစီရင်ရေးနှင့် တရားရေးကဏ္ဍ အခြေအနေများနှင့်ပတ်သက်၍ ကုလသမဂ္ဂက NUG တရားရေးဝန်ကြီးဌာနထံသို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းလာကြောင်း NUG တရားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောဆိုသည်။
ဧပြီလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီအချိန် ကျင်းပပြုလုပ်ခဲ့သည့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးနှင့် ကြားကာလတရားစီရင်ရေးဆိုင်ရာဦးစီးဌာန မြို့နယ်တရားသူကြီးများ တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးတွင် ၎င်းက အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
လတ်တလော NUG ၏တရားရုံးများတွင် လူသတ်မုဒိမ်းမှုကို သေဒဏ်ချမှတ်သည့် ကိစ္စအပါအဝင် တရားစီရင်ရေးနှင့်ပတ်သက်၍ ကုလ သမဂ္ဂမှ NUG အစိုးရ၊ တရားရေးဝန်ကြီးဌာနထံ တိုက်ခိုက်ဆက်သွယ်မေးမြန်းမှုရှိကြောင်း တရားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောဆိုသည်။
“ကိုယ့်ဒေသ တရားစီရင်ရေး ပြုလုပ်ရာမှာ ကိုယ့်ဒေသတစ်ခုတည်း အတွက် မဟုတ်ဘဲ အဲဒီ ဆုံး ဖြတ်ချက်က တစ်နိုင်ငံလုံးကို လွှမ်းခြုံပါတယ်၊ နိုင်ငံတကာကိုလည်း ရောက်ရှိတဲ့ ဆုံးဖြတ်ချက်တွေ ဖြစ်ပါတယ်၊ ယခုဆိုရင် လူသတ်မှု သေဒဏ်ချမှတ်တဲ့ကိစ္စနှင့် ပတ်သက်လို့ ကုလသမဂ္ဂက ဝန်ကြီး ဌာနကို တိုက်ရိုက်မေးမြန်းလာတာတွေ ရှိပါတယ်၊ အဲဒီကိစ္စနှင့် ပတ်သက်လို့ ဘယ်ပုံဘယ်နည်း ဆောင်ရွက်လဲကို မေးလာပါတယ်၊ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တရားစီရင်ရေးက အင်မတန် အရေးကြီးတယ်၊ လူထုကို ဘယ်လောက်ထိ အကာအကွယ်ပေးထားသလဲ၊ မတရားမှုတွေကို တရား စီရင်ရေးက မည်မျှအထိ ဟန့်တားထားနိုင်သလဲ၊ မကောင်းမှုတွေကို ခွင့်မပြုဘူးလဲ၊ တနည်းအားဖြင့် ပြောရလျင် ဖြစ်ပေါ်နေတဲ့ အမှုအခင်းတွေနှင့်ပတ်သက်လို့ မိမိတို့က တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့ ဘယ် လောက် အခြေ အနေထိ ဆောင်ရွက်နိုင်သလဲဆိုတာကို ပြည်တွင်း သာမက နိုင်ငံတကာကပါ စောင့် ကြည့်လေ့လာနေတဲ့ အနေအထားဖြစ်ပါတယ်” ဟု တရားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားသည်။
တော်လှန်ရေးနယ်မြေများမှ တရားရေးဝန်ကြီးဌာန၊ တရားသူကြီးများအနေဖြင့် ခိုင်ခိုင်မာမာ၊ ခိုင်ခိုင်မြဲမြဲ လုပ်နိုင်မည်ဆိုပါက တော်လှန်ရေးကြီးတစ်ခုလုံးကို အကျိုးပြုမည်ဖြစ်ကြောင်း၊ သို့သော်လည်း ဆောင်ရွက်ချက်များ အားနည်း၊ ချွတ်ချော် လွဲမှားခြင်းများ ရှိလာပါက တော်လှန်ရေးတစ်ခုလုံးကို ထိခိုက်မည်ဖြစ်ကြောင်း ဆက်လက်၍ အသိပေးထားသည်။
“နောက်ဆုံး အဆုံးအဖြတ်ပေးမှာက ဘယ်လောက် အတိုင်းအတာထိ တရားဥပဒေစိုးမိုးမှု ရှိ/မရှိ၊ တ ရားဥပဒေစိုးမိုးရေးကို ပြဌာန်းဥပဒေနှင့်အညီ ဘယ်လောက်အတိုင်းအတာ အထိ လုပ်နိုင်လဲ/ မ လုပ် နိုင် ဘူးလဲ စသည်ဖြင့် စိန်ခေါ်ချက်တစ်ခု ဖြစ်ပါတယ်၊ အဲဒီ စိန်ခေါ်ချက်ကို ဆောင်ရွက်ရာမှာ တရား သူကြီးတွေ၊ ဥပဒေတာဝန်ခံတွေ၊ အကျဉ်းဦးစီးဝန်ထမ်းတွေနဲ့ ဝန်ကြီးရုံးရှိ ဌာနကြီး ၆ ခုက လည်း ပါဝင်ပတ်သက်ပါတယ်။” ဟု တရားရေး ဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ရှင်းပြသည်။
ယခုအခါ ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းလာပြီဖြစ်သဖြင့် ပြင်ဆင်ထားကြလိုအပ်ပြီး ၄ နှစ်တာ လ တာဝန်ထမ်းဆောင်ခဲ့ကြသည့် မြို့နယ်တရားသူကြီးများထဲမှ အရည်အချင်းအလိုက် ခရိုင်အဆင့်၊ ပြည်နယ်လွှတ်တော် အဆင့်၊ ပြည်နယ်တရုံးချုပ်အဆင့် တာဝန်ထမ်းဆောင်နိုင်မည့်သူများကို ရွေး ချယ် သွားမည်ဖြစ်ကြောင်း၊ အထူးသဖြင့် စစ်ကိုင်းတိုင်းတွင် စတင်နေပြီဖြစ်ပြီး မကွေးတိုင်းတွင် လည်း မကြာမီလုပ်ဆောင်သွားမည်ဖြစ်ကြောင်း NUG အစိုးရ၊ တရားရေးဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။




