ရန်ကုန်၊ ဧပြီ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၇၂ ရပ်ကွက်တွင် နေထိုင်သည့် အမှတ် ၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းမှ ဒုအရာခံဗိုလ်ဇော်ချို၏ တူဖြစ်သူ မောင်ထက်ဝေယံကို စစ်ကောင်စီတပ်က စစ်မှုထမ်းရန်အတွက် အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အဆိုပါလူငယ် ၏ ဆွေမျိုးများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၀ ရက်နေ့တွင် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ အမှတ် ၇၂ ရပ်ကွက်အုပ်ချုပ်ရေးမှူး နီတွတ်က မောင်ထက်ဝေယံကို စစ်မှုထမ်းရန် အလှည့်ကျသည်ဟုဆိုကာ နေအိမ်သို့လာရောက်၍ အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရသည်။
မောင်ထက်ဝေယံသည် ယခင်က လုပ်ငန်းခွင်အတွင်း အလုပ်လုပ်ကိုင်ရင်း ဦးနှောက်နှင့် ဦးခေါင်း ထိခိုက် ဒဏ်ရာ ရရှိခဲ့သူဖြစ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက်ကုသမှု ခံယူခဲ့ရသူဖြစ်သည်။
၎င်းသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့တွင် ဆေးရုံမှ ဆင်းလာခဲ့သော်လည်း ယနေ့အချိန်အထိ ပုံမှန်ဆေးဝါးကုသမှု ခံယူနေရဆဲဖြစ်ကာ ကျန်းမာရေး အခြေအနေမှာ စစ်မှုထမ်းရန် လုံးဝမသင့်လျော်သည့် အနေအထားတွင် ရှိနေသူဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် တူဖြစ်သူ စစ်မှုထမ်းရမည့်စာရင်းတွင် ပါဝင်လာခြင်းနှင့် ပတ်သက်၍ သန်လျင်အခြေစိုက် အမှတ် ၁ ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ရင်းမှ ကိုယ်ပိုင်အမှတ် ၇၀၉၀၁၈ ရှိသည့် ဒုအရာခံဗိုလ်ဇော်ချိုကိုယ်တိုင်က မတ်လ ၁၄ ရက်နေ့ကတည်းက တောင်ဒဂုံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံသို့ ယာယီဆိုင်းငံ့ခွင့်ပြုပါရန် တရားဝင် စာရေးသား တင်ပြခဲ့သည်။
ဒုအရာခံဗိုလ်ဇော်ချို၏ တင်ပြချက်တွင် မောင်ထက်ဝေယံသည် ဦးနှောက်ထိခိုက်ထားသူဖြစ်၍ ဆေးဝါးကုသမှု ဆက်လက်ခံယူနေရသူဖြစ်ကြောင်း၊ ထို့အပြင် ၎င်းသည် အသက်အရွယ် ကြီးရင့်နေပြီဖြစ်သော မိဘနှစ်ပါးကိုလည်း တစ်ဦးတည်း ပြုစုလုပ်ကိုင် ကျွေးမွေးနေရသူဖြစ်ကြောင်း အကျိုး အကြောင်း ဖော်ပြထားပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ထုတ်ပေးထားသော ဆေးရုံဆင်းလက်မှတ်များကိုပါ ပူးတွဲတင်ပြခဲ့သည်။
သို့ရာတွင် စစ်ကောင်စီ၏ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တို့သည် ကျန်းမာရေး ဆိုးရွားနေသည့် အထောက်အထားများနှင့် တရားဝင် လျှောက်ထားချက်များကို လျစ်လျူရှုကာ၊ ဧပြီလ ၂၀ ရက်နေ့တွင် မောင်ထက်ဝေယံကို အတင်းအကျပ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် ဦးနှောက်ခွဲစိတ်ထားရသဖြင့် အနားယူကုသနေရသူ မောင်ထက်ဝေယံအား ကျန်းမာရေး အခြေအနေကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ အတင်းအကျပ် ခေါ်ဆောင်သွားသည့်အပေါ် မိသားစုဝင်များက အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်ဟု မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
အကြမ်းဖက်စစ်တပ်က ယခု ဧပြီလအတွင်း စစ်မှုထမ်းအပတ်စဉ် ၂၄ ကို ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရှိရသည်။




