ရန်ကုန်၊ ဧပြီ ၂၅
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းရှိ ရေနံမှော်ဒေသကို အကြမ်းဖက်စစ်တပ်က ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ့နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ကြောင်း မြိုင်မြို့နယ်စစ်ကြောင်းသတင်းများအဖွဲ့ထံမှ သိရှိရသည်။
ယနေ့ ဧပြီလ ၂၅ ရက်နေ့၊ နံနက် ၁၀ နာရီ ၂၂ မိနစ်ခန့်အချိန် မုံရွာမြို့အခြေစိုက် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Gyrocopter ၃ စီးသည် ပေါက်မြို့နယ်၊ ရေနံမှော်ဒေသသို့ ရောက်ရှိလာပြီး လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း ဗုံးသီး ၁၀ လုံးခန့် ကြဲချခဲ့ရာ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု မရှိသော်လည်း နေအိမ် ၂ လုံးမှာ အပြင်း အထန် ပျက်စီးသွားခဲ့သည်။
“စစ်ခွေးတွေက ပေါက်မြို့နယ် တစ်နေရာသို့ဆိုတာက ရေနံမှော်ဒေသပါ။ စစ်ခွေးတွေက တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်သွားပါတယ်။ လူထိခိုက်မှုတော့ မရှိဘူးလို့သိရပါတယ်။ နေအိမ် ၂ လုံးတော်တော်ပျက်စီးသွားပါတယ်။ စစ်ခွေးတွေ ဗုံး ၁၀လုံးနဲ့ ကျဲသွားတာပါ” ဟု မြိုင်မြို့နယ်စစ်ကြောင်းသတင်းများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့ကလည်း မကွေးလေတပ်၊ မိတ္ထီလာလေတပ်နှင့် တံတားဦးလေ တပ်တို့မှ တက်လာသည့် ဂျက်ဖိုက်တာ ၅ စီးက ပေါက်မြို့နယ်၊ ချောင်းဝရွာအနီးရှိ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေထိုင်သည့် တောတဲများကို ၁၁ ကြိမ်တိုင်တိုင် ဗုံးကျဲတိုက်ခိုက်ခဲ့သည်။






