30 C
Yangon

မြန်မာစစ်တပ်၏ လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွယ်နေသော လုပ်ငန်းစုက ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ရယူရန် ကြိုးပမ်းနေ

Must read

ရန်ကုန်၊ ဧပြီ ၂၅

မြန်မာစစ်တပ်၏ လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွယ်နေသော လုပ်ငန်းစုက ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီတစ်ခု၏ ရှယ်ယာများကို ရယူရန် ကြိုးပမ်းနေကြောင်း Justice for Myanmar- JFM က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံ၏ အဆင့်မြင့်ဆက်သွယ်ရေး အများပိုင်ကုမ္ပဏီဖြစ်သော Advanced Connection Corporation (ACC) ၏ ရှယ်ယာရှင်များက လာမည့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် အထူးအစည်း အဝေးတစ်ရပ် ပြုလုပ်၍ ပုဂ္ဂလိက ရှယ်ယာရောင်းချမှု (Private Placement) တစ်ခုကို အတည်ပြုရန် မဲခွဲကြမည်ဖြစ်ပြီး အကယ်၍ အဆိုပါ အစီအစဉ် အတည်ဖြစ်သွားပါက နိုင်ငံတကာ၏ ပိတ်ဆို့အရေးယူမှု ခံထားရသည့် မြန်မာလက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်နွှယ်နေသော လုပ်ငန်းစုက အဆိုပါ ထိုင်းကုမ္ပဏီ၏ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာတော့မည်ဖြစ်ကြောင်း သိရှိရသည်။

ထိုင်းကုမ္ပဏီ Advanced Connection Corporation (ACC) ရှယ်များကို ဝယ်ယူမည့် ကျော်မင်းဦးသည် မြန်မာစစ်တပ်၏ လေတပ်အတွက် ရုရှားနိုင်ငံထုတ် တိုက် လေယာဉ်များနှင့် အပိုပစ္စည်းများ ဝယ်ယူရာတွင် အဓိကပွဲစားဖြစ်ပြီး မြန်မာ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံတို့တွင် အခြေစိုက်သည့် Sky Aviator ကုမ္ပဏီကွန်ရက်ကို ဦးဆောင်နေသူဖြစ်သည်။

မြန်မာစစ်တပ်က ၎င်းဝယ်ယူပေးသည့် လေယာဉ်များကို အသုံးပြု၍ အရပ်သားများအပေါ် လူမဆန်သော လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်သည်။

ကျော်မင်းဦးသည် ၂၀၂၃ ခုနှစ်ကလည်း စင်ကာပူနိုင်ငံအတွင်းမှ ကြေညာခြင်းမရှိသော ငွေကြေးအမြောက်အမြားကို ခိုးထုတ်ရန် ကြိုးပမ်းမှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရဖူးသည့်အပြင် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံတို့၏ ပိတ်ဆို့အရေးယူမှုကိုလည်း ခံထားရသူဖြစ်သည်။

ယခု ရှယ်ယာရောင်းချမှုတွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် Sky Avia Trading နှင့် Heli Asia Trading အမည်ရှိ ကုမ္ပဏီနှစ်ခုက ACC ကုမ္ပဏီ၏ ရှယ်ယာ ၂၃ ဒသမ ၂၅ ရာခိုင်နှုန်းကို ဘတ်သန်းပေါင်း ၃၀၀ (အမေရိကန်ဒေါ်လာ ၉ ဒသမ ၃ သန်းခန့်) ဖြင့် ဝယ်ယူမည်ဖြစ်သည်။ အဆိုပါကုမ္ပဏီနှစ်ခုစလုံးသည် ကျော်မင်းဦး စတင်တည်ထောင်ခဲ့သော စင်ကာပူအခြေစိုက် ကုမ္ပဏီများ၏ လက်အောက်ခံခွဲများ ဖြစ်ကြသည်။

သတိပြုစရာမှာ အဆိုပါကုမ္ပဏီနှစ်ခု၏ ရှယ်ယာပိုင်ဆိုင်မှုနှုန်းကို ၂၅ ရာခိုင်နှုန်းအောက် (၂၃ ဒသမ ၂၅ ရာခိုင်နှုန်း) တွင်သာ ကန့်သတ်ထားခြင်းဖြစ်သည်။ ၎င်းမှာ ရှယ်ယာ ၂၅ ရာခိုင်နှုန်းနှင့်အထက် ပိုင်ဆိုင်မှုသာ အစစ်အမှန် ပိုင်ဆိုင်သူ (Ultimate Beneficial Owner) ကို ထုတ်ဖော်ပြောကြားရမည့် ဥပဒေစည်းမျဉ်းကို ရှောင်လွှဲရန် ရည်ရွယ်ပုံရသည်ဟု သုံးသပ်ရပါသည်။

Justice For Myanmar (JFM) အဖွဲ့က အဆိုပါငွေကြေးစီးဆင်းမှုများနှင့် ပတ်သက်၍ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ချက်များကို ထိုင်းနိုင်ငံ၏ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံး (AMLO) နှင့် စတော့အိတ်ချိန်း ကော်မရှင် (SEC) တို့ထံ တင်ပြထားပြီး ဖြစ်ကြောင်း၊ ထိုင်း SEC ကလည်း ACC ကုမ္ပဏီအနေဖြင့် ဤရှယ်ယာရောင်းချမှုနှင့် ပတ်သက်၍ အချက်အလက်များ ထပ်မံတင်ပြရန် ညွှန်ကြားထားပြီး ပျက်ကွက်ပါက ခွင့်ပြုမည်မဟုတ်ကြောင်း သတိပေးထားသည်ဟု သိရှိရသည်။

အထူးခြားဆုံးအချက်မှာ ACC ကုမ္ပဏီ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးအဖွဲ့ (Welcap Advisory) ကိုယ်တိုင်ကပင် “အဆိုပါအရောင်းအဝယ်ကို ရှေ့ဆက်မလုပ်သင့်ကြောင်း” အစီရင်ခံစာ တင်ပြထားခြင်းဖြစ်သည်။

ထိုင်းACC ကုမ္ပဏီ၏ လွတ်လပ်သော အကြံပေးအဖွဲ့က ရင်းနှီးမြှုပ်နှံမည့်သူများ၏ ငွေကြေးအရင်း အမြစ်မှာ မရှင်းလင်းဘဲ အခြားသူတစ်ဦးအတွက် ကိုယ်စားလှယ် (Nominee) အဖြစ် လုပ်ဆောင်ပေးနေခြင်း ဖြစ်နိုင်ကြောင်း သတိပေးထားသော်လည်း ACC ဘုတ်အဖွဲ့ကမူ ထိုအစီအစဉ်ကို အတည်ပြုရန် ထောက်ခံနေဆဲဖြစ်သည်။

Justice For Myanmar ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “ACC ကုမ္ပဏီဟာ အရပ်သားတွေကို သတ်ဖြတ်နေတဲ့ မြန်မာစစ်ကောင်စီကို လက်နက်ထောက်ပံ့နေတဲ့ ပွဲစားကွန်ရက်လက်ထဲကို ကုမ္ပဏီရဲ့ ရှယ်ယာ ၄ ပုံ ၁ ပုံနီးပါး အပ်နှံဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ထိုင်းအာဏာပိုင်တွေအနေနဲ့ စတော့အိတ်ချိန်းဟာ နိုင်ငံတကာ ရာဇဝတ်မှုတွေကရတဲ့ ငွေတွေကို ခဝါချတဲ့နေရာ မဖြစ်လာအောင် အမြန်ဆုံး တားဆီးပေးသင့်ပါတယ်” ဟု တိုက်တွန်းထားသည်။

ထို့အပြင် ကျော်မင်းဦး၏ ရှယ်ယာများကို လွှဲပြောင်းယူထားသူ စင်ကာပူနိုင်ငံသား Wee Lee Lian နှင့် ဆက်နွှယ်သည့် ကုမ္ပဏီများကိုလည်း စင်ကာပူအာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးရန်နှင့် နိုင်ငံ တကာအသိုင်းအဝိုင်းကလည်း ယင်းလက်နက်ပွဲစားကွန်ရက် တစ်ခုလုံးအပေါ် ထိရောက်သော ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ရန် JFM က တောင်းဆိုထားပါသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article