ရန်ကုန်၊ ဧပြီ ၂၆
မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများအပေါ် စစ်တပ်၏ တိုက်ခိုက်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က တရားဝင် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်ရန်ကရင်အမျိုးသမီးအစည်းအရုံး (KWO) က တောင်းဆိုလိုက်သည်။
ယခုနှစ် ဧပြီလလယ်ပိုင်း သင်္ကြန်ကာလအတွင်း အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထား၍ ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်ခဲ့သော စစ်တပ်၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) အပါအဝင် သက်ဆိုင်ရာ တရားရုံးများအနေဖြင့် တရားဝင် စုံစမ်းစစ်ဆေးမှုများကို ချက်ချင်းလုပ်ဆောင်ပေးရန် တောင်းဆိုခြင်းဖြစ်သည်။
မြန်မာစစ်တပ်သည် ယခုနှစ်အစောပိုင်းတွင် ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲများအပြီး၌ ၎င်းတို့ကိုယ်ကို အရပ်သားအစိုးရအဖြစ် ဟန်ဆောင်ရန် ကြိုးပမ်းနေသော်လည်း လက်တွေ့တွင်မူ လူသားချင်းစာနာမှု ကင်းမဲ့ကာ လူသားအသက်များကို တန်ဖိုးမထားသော လုပ်ရပ်များကိုသာ တစိုက်မတ်မတ် ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်သည်။
မြန်မာတို့၏ အထူးမြတ်ဆုံး အမျိုးသားရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ကာလအတွင်း၌ စစ်တပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများရှိ အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများကို ပိုမိုတိုးမြှင့်လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံအရှေ့ပိုင်း ကော့သူးလေဒေသတွင် သင်္ကြန်ရုံးပိတ်ရက် သုံးရက်အတွင်း၌ပင် စာသင် ကျောင်းများ၊ လူနေအိမ်များ၊ ကျောင်းသားဆောင်များ၊ ဘုရားကျောင်းကန်များနှင့် ဆေးရုံများကို တမင်ပစ်မှတ်ထား၍ ဗုံးကြဲဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။
KWO ဥက္ကဋ္ဌ နော်ကညောဖောက စစ်တပ်သည် မိသားစုများ အတူတကွ ပျော်ရွှင်စွာ ဆင်နွှဲရမည့်အချိန်ကို ရည်ရွယ်ချက်ရှိရှိ ရွေးချယ်၍ ဤတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ မတော်တဆဖြစ်သော အကြမ်းဖက်မှုမျိုးမဟုတ်ဘဲ အရပ်သားများကို သေစေရန်အတွက် သေသေချာချာ တွက်ချက်ထားသော အကြမ်းဖက်လုပ်ရပ်သာ ဖြစ်ကြောင်း ပြောကြားသည်။
ကော့သူးလေဒေသတွင် သင်္ကြန်မတိုင်မီ ဧပြီလ ၁၀ ရက်နေ့မှစတင်ကာ ဆယ်ရက်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့သောကြောင့် အနည်းဆုံး အရပ်သား ရှစ်ဦး သေဆုံးခဲ့ရပြီး ၂၈ ဦး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရသူများထဲတွင် ဓာတုပစ္စည်းများနှင့် ထိတွေ့ခဲ့ရသဖြင့် ခန္ဓာကိုယ်၌ မှတ်မိနိုင်စွမ်းမရှိတော့သည်အထိ ပြင်းထန်သော လောင်ကျွမ်းဒဏ်ရာများ ရရှိခဲ့သူများလည်း ပါဝင်နေသကဲ့သို့ လူနေအိမ်ပေါင်း ၁၀၀ ကျော်လည်း ပျက်စီးခဲ့ရသည်။
စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲခဲ့သဖြင့် ဒေသခံများအတွက် အရေးပါသော ဈေးတစ်ခု ပျက်စီးသွားခဲ့ရသလို ဒေးဗူနိုရှိ ကောလိပ်ကျောင်းနှင့် ယူမိထရှိ ဆေးရုံတစ်ခုလည်း ပျက်စီးသွားခဲ့ရသည်။
စုစုပေါင်း ဗုံးအလုံးရေ ၃၇၀ ကျော်နှင့် ဒရုန်းတိုက်ခိုက်မှု ၂၇ ကြိမ်အထိ အသုံးပြုခဲ့ပြီး ဘုရားကျောင်း ငါးကျောင်း၊ ဆေးခန်း လေးခုနှင့် စာသင်ကျောင်းဆောင် ၁၁ ဆောင် အပါအဝင် အများပြည်သူဆိုင်ရာ အဆောက်အအုံ ၂၂ ခု ပျက်စီးဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။
လက်ရှိတွင် အီရန်နိုင်ငံရှိ စစ်ပွဲများကြောင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူများသည် လောင်စာဆီပြတ် လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ခံစားနေရသော်လည်း စစ်တပ်သည် အဆိုပါ အဖိုးတန်ဆီများကို ပြည်သူများ၏ အကျိုးအတွက် အသုံးမပြုဘဲ မိမိပြည်သူကို ပြန်လည်သတ်ဖြတ်ရန် လေယာဉ်ဆီအဖြစ်သာ ဦးစားပေး အသုံးပြုနေသည်။
ပြီးခဲ့သည့် နှစ်ပတ်အတွင်း၌ပင် ကော့သူးလေဒေသတွင် နေရပ်စွန့်ခွာ ပြေးလွှားနေရသူ တစ်သောင်းကျော် ရှိလာနေပြီး ၎င်းတို့အတွက် အကူအညီများမှာလည်း မလုံလောက်တော့သော အခြေအနေသို့ ရောက်ရှိနေသည်။ ထို့ကြောင့် KWO အနေဖြင့် အရပ်သားများအပေါ် တိုက်ခိုက်မှုများအတွက် ICC ကဲ့သို့သော တရားရုံးများမှ တရားဝင် စုံစမ်းစစ်ဆေးမှုများ ချက်ချင်းစတင်ပေးရန်၊ စစ်တပ်ထံ လေယာဉ်ဆီနှင့် လက်နက်များ မရောက်ရှိစေရန် အပြည့်အဝ ပိတ်ဆို့အရေးယူပေးရန်နှင့် နယ်စပ်ဖြတ်ကျော် အဖွဲ့အစည်းများမှတစ်ဆင့် အမှန်တကယ် လိုအပ်နေသူများထံ လူသားချင်းစာနာမှု အကူအညီများ ထိရောက်စွာ ပေးပို့ပေးရန် နိုင်ငံတကာအသိုင်းအဝိုင်းထံ အလေးအနက် တောင်းဆိုထားသည်။
နိုင်ငံတကာအနေဖြင့် ယင်းကဲ့သို့ ချိုးဖောက်မှုများကို ရပ်တန့်စေရန် စစ်တပ်တာဝန်ရှိသူများ အပါ အဝင် ကျူးလွန်သူများကိုလည်း ထိရောက်စွာ အရေးယူပေးရန် KWO က တိုက်တွန်းထားသည်။




