31 C
Yangon

မောတောင်မြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး သေဆုံး၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း လျစ်လျူရှုပြီး စစ်ရာဇဝတ်မှုများ ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေဟု KNU ပြောဆို

Must read

ရန်ကုန်၊ ဧပြီ ၂၈

တနင်္သာရီတိုင်း၊ မောတောင်မြို့ပေါ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၆ ကြိမ်တိုင်တိုင်ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး စစ်တပ်က အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ရပ်ကို လျစ်လျူရှုကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း KNU မြိတ်-ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးက ပြောဆိုထားသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာများဖြင့် မယ်ဝါး (သဲဖြူ) ကျေးရွာအုပ်စုအတွင်းကို ၂ ကြိမ်၊ မောတောင်မြို့ပေါ်ရှိ ရပ်ကွက်များအတွင်းကို ၄ ကြိမ် စုစုပေါင်း ၆ ကြိမ် ပေါင် ၃၀၀ ဗုံး ၁၂ လုံး ထက်မနည်း ကျဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်ဖြိုးထွန်းကုမ္ပဏီ ဆီအုန်းစိုက်ပျိုးရေးစီမံကိန်းမှ အလုပ်သမား နေအိမ်တန်းလျားတချို့ ပျက်စီးခဲ့ပြီး ဇနီးမောင်နှံ ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် မြို့နေပြည်သူများမှာလည်း အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ထိတ်လန့်ကြောက်ရွံ့ကာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုယောင်ရွေးကောက်ပွဲကို ပြုလုပ်ခဲ့ပြီး အတုယောင်အစိုးရဖွဲ့ရန် ကြိုးပမ်းနေသော်လည်း မြေပြင်တွင်မူ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ပြောဆိုထားသည်။

ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စိုးရိမ်ပူပန်ကြောင်း ထုတ်ဖော်ပြောဆိုနေခြင်းထက် ပိုမိုထိရောက်သည့် လက်တွေ့ကျသော အရေးယူဆောင်ရွက်မှုများကို ချက်ချင်းအကောင်အထည်ဖော်ဆောင်ရွက်ကာ ယခုဆက်လက်ဖြစ်ပွားနေသော လေကြောင်းတိုက်ခိုက်မှုများကို ရပ်တန့်စေရန် ထိရောက်သည့် တားဆီးကာကွယ်မှုများကို လုပ်ဆောင်ရန်နှင့် အကြမ်းဖက် စစ်တပ်၏ ထင်ရှားသည့် ဥပဒေချိုးဖောက်မှုများကို မတားဆီးဘဲ ဆက်လက်နှုတ်ဆိတ်နေခြင်းသည် အကြမ်းဖက်မှုများကို ပြောင်ပြောင်တင်းတင်း ပိုမိုကျူးလွန်လာစေရန် အားပေးကူညီရာရောက်မည်ဖြစ်ကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ပြောဆိုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article