ရန်ကုန်၊ မေ ၁
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်နှင့် ရေဦးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၂ ရက်ဆက် လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဧပြီလ ၃၀ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်က ဒီပဲယင်းမြို့နယ် အရှေ့တောင်ဘက်ခြမ်း ဖုတ္တတောကျေးရွာအနီးကို မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့ မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း ရေဦးမြို့နယ် အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တံတားဦးလေတပ်နှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားကြောင်း၊ ထိုလေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်မှုမရှိကြောင်း ကနဦး သိရှိရသည်။
“စစ်ကြောင်းထိုးနေတာလဲမရှိသလို တိုက်ပွဲဖြစ်နေတာလဲမရှိဘူး။ ဗုဒ္ဓဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ နေ့ထူးနေ့မြတ် ကဆုန်လပြည့်(ဗုဒ္ဓ)နေ့မှာ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက် စစ်ရာဇဝတ်မှုကျုးလွန်လိုက်တာပါပဲ။ ဒီနေ့လည်း ရေဦးမြို့နယ် အနောက်ဘက်ခြမ်းကရွာတွေကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးထပ်ကျဲသွားတယ်။ ပြည်သူတွေ ထိခိုက်တာမရှိဘူးလို့တော့ ကနဦးသိရတယ်” ဟု ရေဦးမြို့နယ် အနောက်ခြမ်းဇုံ သတင်းဆက်သွယ်ရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ပြောဆိုသည်။
အလားတူ ယနေ့ မေလ ၁ ရက်နေ့ နံနက် ၁၂ နာရီကျော်ခန့်တွင်လည်း ရွှေဘိုမြို့နယ် အနောက်ခြမ်းဇင်ကြီးကုန်းပေါ်ကို အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်သော ဂျက်ဖိုက်တာ ၁ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရသည်။
“စစ်ခွေးတွေ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက ရွှေဘိုမြို့နယ် အနောက်ခြမ်း ဇင်ကြီးကုန်းပေါ်ကို ဗုံး ၂လုံးနဲ့ ကျဲတာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို မသိရသေးဘူး ကျွန်တော် ဆက်လက်စုံစမ်းဆဲနေပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။






