ရန်ကုန်၊ မေ ၂
အကြမ်းဖက် မင်းအောင်လှိုင်က ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ရှမ်း၊ ရခိုင်၊ စစ်ကိုင်း၊ မကွေးနှင့် မန္တလေး အစရှိသည့် တိုင်းနှင့် ပြည်နယ် ၉ ခုရှိ မြို့နယ်ပေါင်း ၆၀ ကို စစ်အုပ်ချုပ်ရေး ကြေညာလိုက်ခြင်းအပေါ် အာဆီယံလွှတ်တော် အမတ်များအဖွဲ့ -APHR အဖွဲ့က ဧပြီလ ၃၀ ရက်နေ့ တွင် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။
မင်းအောင်လှိုင်က စစ်အုပ်ချုပ်ရေး ကြေညာခဲ့သော မြို့နယ်များမှာ တိုက်ပွဲများ ဖြစ်ပွားနေသော နေရာများ အများ စု ပါဝင်ပြီး အဆိုပါ မြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အာဏာအရပ်ရပ်ကို စစ်တပ်၏ တပ်ချုပ်အသစ် ရဲဝင်းဦးက တိုက်ရိုက်ကိုင်တွယ်မည်ဖြစ်ပြီး ပြစ်မှုအများစုကို စစ်ခုံရုံးများဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
စစ်ခုံရုံးတွင် စစ်ဆေးမည့် ပြစ်မှုများထဲတွင် နိုင်ငံတော်သစ္စာဖောက်မှု၊ အစိုးရကို အကြည်ညိုပျက်စေမှုနှင့် လုံခြုံရေးတပ်ဖွဲ့များအား ဟန့်တားနှောင့်ယှက်မှုများ၊ မမှန်သတင်းဖြန့်ဝေမှု၊ သွေးထိုးလှုံ့ဆော်မှုနှင့် မတရားအသင်းဆိုင်ရာ ပြစ်မှုများ၊ လက်နက်မှု၊ လူသတ်မှု၊ လုယက်မှု၊ မုဒိမ်းမှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုများ ပါဝင်သည်။
စစ်ခုံရုံးက ပြစ်မှုထင်ရှားပါက သေဒဏ်နှင့် နှစ်အကန့်အသတ်မရှိ အလုပ်နှင့် ထောင်ဒဏ်များအထိ ချမှတ်နိုင်ပြီး သေဒဏ်အတွက် တပ်ချုပ်အသစ်၏ အတည်ပြုချက် လိုအပ်ကြောင်း သိရှိရသည်။
APHR ဥက္ကဋ္ဌ Mercy Chriesty Barends က ယခုလုပ်ရပ်သည် ပြည်သူများအပေါ် အကြမ်းဖက်မှု အန္တရာယ်ကို ပိုမိုမြင့်တက်စေပြီး အရပ်သားအစိုးရ အမည်ခံကာ စစ်တပ်က အာဏာချုပ်ကိုင်ခြင်းသာဖြစ်ကြောင်း ဝေဖန်ခဲ့သည်။
ထို့အပြင် ဘုတ်အဖွဲ့ဝင် Wong Chen ကလည်း လွတ်လပ်သည့် တရားစီရင်ရေးနှင့် အယူခံပိုင်ခွင့်များ မရှိတော့သဖြင့် တရားဥပဒေစိုးမိုးရေး ပြိုလဲသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
APHR အဖွဲ့အနေဖြင့် အာဆီယံနိုင်ငံများနှင့် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံကို မြန်မာစစ်အုပ်ချုပ်ရေးအောက်တွင် ပေါ်ပေါက်လာမည့် မည်သည့်အစိုးရနှင့် နိုင်ငံရေးလုပ်ငန်းစဉ်ကိုမျှ အသိအမှတ်မပြုရန်၊ စစ်ကောင် စီနှင့် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများ ရပ်ဆိုင်းရန်၊ စစ်ခုံရုံးများမှတစ်ဆင့် အရပ်သားများအပေါ် သေဒဏ်ချမှတ်နိုင်သည့် အခြေအနေကို ပြင်းထန်စွာ ရှုတ်ချရန်၊ စစ်ပွဲများကြောင့် နေရပ်စွန့်ခွာနေရသူများအား လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရန် တောင်းဆိုထားသည်။
ဓာတ်ပုံ- Agency။




