ရန်ကုန်၊ မေ ၂
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်တွင် ဘုန်းကြီးကျောင်းမှ ပြန်လာသော စစ်သားနှင့် ရဲများကို တော်လှန် ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်တစ်ဦးအပါအဝင် ၇ ဦး သေဆုံးပြီး လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။
ဧပြီလ ၃၀ ရက်နေ့ (ကဆုန်လပြည့်နေ့) နံနက် ၁၁ နာရီ ၂၅ မိနစ်ခန့်တွင် ရေစကြိုမြို့နယ်၊ တောင်အိုစစ်ဆေးရေးဂိတ်မှ စစ်သား ၁ ဦးနှင့် ရဲ ၆ ဦးသည် ဘုန်း ကြီးကျောင်းသို့ သွားရောက်ကုသိုလ်ပြုပြီး စစ်ဆေးရေးဂိတ်သို့ ပြန်လာစဉ် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးစလုံး သေဆုံးသွားခဲ့သည်။
“ဂိတ်မှာက စခတွေရော ရှိတာပါ၊ ကဆုန်လပြည့်နေ့ဆိုတော့ ဘုန်းကြီးကျောင်းကို သွားပြီး ကုသိုလ်လေးဘာလေး သွားလုပ်နေကြတာ။ အဲဒီက ပြန်လာတဲ့အချိန် ဝင်ဗျင်းလိုက်တာ၊ စခဂိတ်နဲ့လည်း မီတာ ၄၀၀ လောက်တော့ ဝေးတယ်။ အဲဒီအနေအထားမှာ ဝင်တိုက်လိုက်တာပါ။ အဲဒီဂိတ်က ကျန်တဲ့သူတွေလည်း အကုန်ထွက်ပြေးတယ်လို့ သတင်းရတယ်” ဟု Southern YSO PDF တာဝန်ခံ ကိုအောင်မောင်းက ဆိုသည်။
တိုက်ပွဲအပြီးတွင် သေဆုံးသွားသော စစ်သားနှင့် ရဲများထံမှ လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ပြီး G3 အမျိုးအစား သေနတ် ၂ လက်၊ MA3 အမျိုးအစား သေနတ် ၁ လက်၊ MA13 အမျိုးအစား သေနတ် ၁ လက်၊ ခြောက် လုံးပြူးသေနတ် ၁ လက်၊ G3 ကျည်ဘောက် ၄ ခု၊ MA13 ကျည်ဘောက် ၂ ခု ၊ လက်ကိုင်ဖုန်း ၄ လုံး၊ ဓား ၁ ချောင်းနှင့် ခါးပတ် ၂ ချောင်း ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နောက်မှ စက်ဘီးဖြင့် လိုက်ပါလာသည့် အပြစ်မဲ့ပြည်သူတစ်ဦးလည်း ကျည်ထိမှန်သေဆုံးခဲ့ရသည်။
ပစ်ခတ်မှု စတင်ချိန်တွင် တစ်ဖက်မှ ပြန်လည်ခုခံပစ်ခတ်မှုများကြောင့် အချိန် အခါအရ ထိန်းချုပ်ရန် မဖြစ်နိုင်သည့်အတွက် အဆိုပါပြည်သူမှာ ထိခိုက်သေ ဆုံးသွားရခြင်းဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ အပြစ်မဲ့ပြည်သူတစ်ဦး မတော်တဆ ထိခိုက်သေဆုံးခဲ့ရသည့်အပေါ် Southern YSO PDF တပ်ပေါင်းစုမှ အထူးဝမ်းနည်းကြေကွဲရပါကြောင်း၊ တာဝန်ယူမှုအပြည့်ဖြင့် အလေးအနက် တောင်းပန်အပ်ကြောင်း ထုတ်ပြန်အသိပေးထားသည်။






