ရန်ကုန်၊ မေ ၂
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် နွားမသင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ရာ စာသင်ကျောင်းများ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေ ၁ ရက်နေ့ ညနေ ၆ နာရီ ၄၂ မိနစ်ခန့်နှင့် ၆ နာရီ ၄၆ မိနစ်ခန့်တို့တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသော Kamikaze Suicide Drone ၂ စီးသည် အရာတော်မြို့နယ် နွားမသင်းကျေးရွာ စာသင်ကျောင်းကို အကြမ်းဖက်စစ်တပ်က ၂ ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများနှင့် နေအိမ် ပျက်စီးတာမျိုးမရှိဘဲ နွားမသင်းကျေးရွာရှိ စာသင်ကျောင်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးမရှိဘူး။ နေအိမ်များ ပျက်စီးတာမျိုးလည်း မရှိဘူး။ နွားမသင်းကျေးရွာရှိ စာသင်ကျောင်းကတော့ ပျက်စီးသွားတယ်။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကလည်း အရာတော်မြို့နယ်၊ မင်းရွာအနီးရှိ အရာတော်-မြင်းမူ လမ်းပိုင်းမှ ခရီးသွားယာဉ်တန်းကို အကြမ်းဖက်စစ်တပ်၏ မုံရွာ နမခ မှ တက်လာသော Gyrocopter ၃ စီးက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။






