30.5 C
Yangon

အထက်မင်းလှမြို့နယ်တွင် မြစ်ကျောက်တူးဖော်သည့် စက်လှေများဖြင့် ရွှေခိုးတူးနေသူများက စစ်တပ်ကို နေ့စဉ် ရွှေ ၂ ကျပ်သားပေး၍ အင်အားသုံးတူးဖော်နေပြီး ကန့်ကွက်သူများကို ဖမ်းဆီးခိုင်း

Must read

ရန်ကုန်၊ မေ ၂

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်တွင် မြစ်ကျောက်တူးဖော်သည့် စက်လှေများဖြင့် ရွှေခိုးတူးနေသူများက အကြမ်းဖက် စစ်တပ်ကို နေ့စဉ် ရွှေ ၂ ကျပ်သားပေး၍ အင်အားသုံးတူးဖော်နေပြီး ကန့်ကွက်သူများကို ဖမ်းဆီးခိုင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ်မှ စတင်ပြီး အထက်မင်းလှမြို့နယ် ဧရာဝတီမလွန်တံတားအနီး မြစ်ကျောက်တူးဖော်သည့် စက်လှေများဖြင့် မကွေးမြို့မှ ထွန်းကျော်သူ နှင့် မျိုးဝင်း ဆိုသူတို့က ဦးဆောင်ပြီး နေ့ရောညပါ တရားမဝင်ရွှေခိုးတူးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ ရွှေတူးဖော်နိုင်ရန်အတွက် အကြမ်းဖက် စစ်တပ်ကို နေ့စဉ် ရွှေ ၂ ကျပ်သား ပေးဆောင်ခဲ့ရကြောင်း သိရသည်။

ထိုသို့ တရားမဝ​င် ရွှေခိုးတူးခြင်းများလုပ်ဆောင်ခဲ့ခြင်းကြောင့် မြစ်ကြောင်းဌာန၏ ပိတ်ပင်ခြင်းခံခဲ့ရသည့်အတွက် အနီးအနားရှိကျေးရွာများမှ မြစ်ကျောက်လုပ်ငန်းကို အမှီပြုပြီး စားသောက်နေရသော ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေခဲ့ရကြောင်း၊ လက်ရှိချိန်တွင် ဧရာဝတီ မလွန်တံတား အောက်ဘက်ကို တူးဖော်ခြင်းများ ပိတ်ထားသော်လည်း တံတား အထက်ပိုင်းတွင် ရွှေခိုးတူးခြင်းများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယင်းသို့ ရွှေခိုးတူးခြင်းများကို စက်လှေ အစီး ၃၀ ခန့်ဖြင့် မလွန်တံတား အထက်ပိုင်းတွင် ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ကမ်းပါးပြိုခြင်း၊ သောက်သုံးရေ ညစ်ညမ်းနေခြင်း၊ ခွင့်ပြုထားသည့် စက်လှေအရေအတွက်ထက် များပြားစွာ အသုံးပြုခြင်းတို့ကြောင့် ဒေသပြည်သူများ တိုင်းကြားမှုများ လုပ်ဆောင်သော်လည်း သက်ဆိုင်ရာတာဝန်ရှိသူများက လာရောက်တားဆီးခြင်းမရှိဘဲ ရွှေခိုးတူးသူများက တန်းကြားသူကိုပါ စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းမည်ဟု ပြန်လည် ခြိမ်းခြောက်ကြောင်း သိရသည်။

“အခုထိလည်း လုပ်ချင်သလို လုပ်ကိုင်နေကြတာ ထွန်းကျော်သူနဲ့ ပေါင်းပြီး လုပ်နေကြတာ ထွန်းကျော်သူက မကွေးတိုင်း နယ်လုံဝန်ကြီးကိုပါ အကုန်လုံးကို ပိုင်တော့ အောက်ခြေဌာနဆိုင်ရာများမှာ လုပ်ချင်ရာလုပ်နေတာကို မပြောရဲကြဘူးဖြစ်နေပါတယ်။ ကျွန်းတော်ရွာမှာလည်း သူတို့အဖွဲ့ ရွှေတွေ နေ့ညမောင်းပြီး လုပ်ချင်ရာလုပ်သွားတဲ့အတွက် ရွာသူရွာသားတွေ ဒုက္ခရောက်ကြကုန်ပါပြီ ရွာသားတွေကလဲ ကြောက်နေကြပါတယ်။ ရွာသောက်သုံးရေညစ်ညမ်းနေတာရယ် ကမ်းပါးတွေ ပြိုကျပျက်စီးမှုကို ရွာသူရွာသားများက လက်မခံကြပါဘူး။ မနေ့ကဆို သံဃာတော်တွေက မြို့နယ်မှာ တာဝန်ရှိတဲ့ သူတွေကို သွားတိုင်တာ မြို့နယ်က လူကြီးတွေရော စစ်တပ်ကလူတွေရော လာပေမယ့် ရွှေခိုးတူးတဲ့ ကောင်တွေကဂရုကို မစိုက်ဘူး။ ဆက်လုပ်နေတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article