ရန်ကုန်၊ မေ ၂
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာရှိ နေအိမ် ၅၆ လုံး အပါအဝင် မင်္ဂလာဆောင်ကိုပါ အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကို ခိုးယူသွားကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မြင်းခြံမြို့နယ်၊ ဆင်ချောင်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြည်သူများကို ဖမ်းဆီးကာ ကျေးရွာအတွင်းရှိ နေအိမ်များမှ ပစ္စည်းများကို စိတ်ကြိုက်ခိုးယူပြီး ထော်လာဂျီနှင့် ဖောကားများပေါ်တွင် တင်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ယင်းနေ့ ညနေ ၆ နာရီခန့်မှ စတင်၍ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၅၆ လုံး အပါအဝင် မင်္ဂလာဆောင်ပါ မီးလောင်ပြာကျခဲ့ပြီး မင်္ဂလာဆောင်တွင် ကျွေးမွေးရန် ချက်ထားသော ဝက်သားအချိန် ၁၀၀ ကျော်ကိုလည်း စားသောက်သွားကြောင်း သိရှိရသည်။
“မင်္ဂလာဆောင်မှာ ချက်ထားတဲ့ ဝက်သားအချိန် ၁၀၀ ကျော်ကိုလည်း စစ်ခွေးတွေက အကုန်စားပြီး မင်္ဂလာဆောင် မဏ္ဍပ်နဲ့ ရွာထဲက နေအိမ်တွေကိုလည်းမီးရှို့သွားတယ်။ နေအိမ် ၅၆ လုံး မီးလောင်ပြာကျသွားတယ်။ မင်္ဂလာဆောင်က စောင်းဘောက်တွေ အပြင် ပြည်သူတွေရဲ့ ပစ္စည်းတွေ အကုန်လုံးကို ခိုးယူ သယ်ဆောင်သွားတယ်။ နောက်ပြီး PDF တွေကိုလည်း အမှောင်ထဲဝင်ကျဖို့ စာရေးပြီးထားခဲ့တယ်” ဟု မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ကိုနွေဦးက ပြောဆိုသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိအချိန်တွင် မြစ်ကမ်းနား အတိုင်း ဆက်လက်ထွက်ခွာလာပြီး ရန္တဗိုရွာ နှင့် ကိုင်းရွာဘက်ကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဆက်လက် စစ်ကြောင်းထိုး ဝင်ရောက်နေဆဲဖြစ်ကြောင်း သိရသည်။






