29.4 C
Yangon

ဒေါ်အောင်ဆန်းစုကြည်ကို နေရာရွှေ့ပြောင်းမှုဖြင့် မြန်မာစစ်အုပ်စုက ပုံရိပ်ကို ပြန်တည်ဆောက်ရန် ကြိုးပမ်းနေသည့်အပြင် DCI လော်ဘီအဖွဲ့မှ Justin Peterson နှင့် ထရမ့်၏ မဟာမိတ် Roger Stone တို့ကို ငှားရမ်းပြီး အမေရိကန်နှင့်ပြေလည်ရေး စစ်အုပ်စုက အရှိန်မြှင့်လုပ်နေ

Must read

ရန်ကုန်၊ ​မေ ၃

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းထောင်မှ သတ်မှတ်ထားသော နေအိမ်သို့ နေရာရွှေ့ပြောင်းမှုဖြင့် မြန်မာစစ်အုပ်စုက ပုံရိပ်ကို ပြန်တည်ဆောက်ရန် ကြိုးပမ်းနေသည့်အပြင် အမေရိကန် DCI လော်ဘီအဖွဲ့မှ Justin Peterson နှင့် ထရမ့်၏ မဟာမိတ် Roger Stone တို့ကို ငှားရမ်းပြီး အမေရိကန်နှင့်ပြေလည်ရေး စစ်အုပ်စုက အရှိန်မြှင့်လုပ်နေကြောင်း အမေရိကန်အခြေစိုက် NPR ကသတင်းဖော်ပြသည်။

ဧပြီလ ၃၀ ရက်နေ့ မြန်မာစစ်တပ်၏ သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံတစ်ပုံတွင် မြန်မာ နိုင်ငံ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် မဖော်ပြထားသော နေရာတစ်ခု၌ တာဝန်ရှိသူများနှင့် စကားပြောဆိုနေသည်ကို တွေ့ရသည်။

စစ်တပ်၏ ရုပ်မြင်သံကြားသတင်းအရ ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာဏာသိမ်းပြီး ၅ နှစ်ကျော်အကြာတွင် အကျဉ်း ထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြောင်းရွှေ့လိုက်ပြီဖြစ်ကြောင်း သိရသည်။

၎င်းသည် ကျန်ရှိနေသည့် ပြစ်ဒဏ်များကို အကျဉ်းထောင်တွင် မဟုတ်ဘဲ သတ်မှတ်ထားသည့် နေအိမ်တစ်ခုတွင် ဆက်လက်ကျခံရမည်ဟု ထုတ်လွှင့်ချက်တွင် ပါရှိသော်လည်း မည်သည့်နေရာဖြစ်သည်ကိုမူ ဖော်ပြခြင်းမရှိပေ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည် မည်သည့်နေရာတွင် ရှိနေသည်ဆိုသည်မှာ မရေမရာဖြစ်နေခဲ့ပြီး သူမ ၏ ကျန်းမာရေးမှာလည်း မကောင်းမွန်လှကြောင်း ယုံကြည်ရသော်လည်း စစ် တပ်ကမူ ယင်းကို ငြင်းဆိုထားသည်။

အမှန်စင်စစ်အားဖြင့် သူမကို လူမြင်ကွင်းတွင် နောက်ဆုံးတွေ့ခဲ့ရသည်မှာ ထောင်ဒဏ် စုစုပေါင်း ၃၃ နှစ်အထိ ချမှတ်ခံခဲ့ရသည့် တရားခွင်များတွင်သာ ဖြစ်သည်။ သူမ၏ ထောက်ခံသူများနှင့် လူ့အခွင့်အရေးအဖွဲ့များကမူ အဆိုပါ စွဲချက်များသည် လူထုထောက်ခံမှု အလွန်ရရှိထားသည့် ခေါင်းဆောင်ကို နိုင်ငံရေးစင်မြင့်ပေါ်မှ အပြီးအပိုင်ဖယ်ထုတ်ရန် လုပ်ကြံဖန်တီးထားသည့် ဟန်ပြစွဲချက်များသာဖြစ်ကြောင်း ပြောဆိုကြသည်။

သူမကို ပြောင်းရွှေ့ပေးရန် အမိန့်ထုတ်ပြန်ခဲ့သူမှာ မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပင် ဖြစ်သည်။ ၎င်းသည် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီအပါအဝင် အဓိကပါတီအများအပြားကို ချန်လှပ်ထားပြီး ပြည်သူအများအပြား မဲမပေးနိုင်ခဲ့သည့် စစ်တပ်စီစဉ်သော ရွေးကောက်ပွဲအပြီး ယခုလအစောပိုင်းတွင် သမ္မတရာထူးကို ရယူခဲ့သည်။ အဆိုပါ ရွေးကောက်ပွဲကို နိုင်ငံတကာက “ဟန်ပြရွေးကောက်ပွဲ” အဖြစ် ပယ်ချထားကြသည်။

မင်းအောင်လှိုင်၏ အဆိုပါလုပ်ဆောင်ချက်သည် မထူးဆန်းကြောင်း နိုင်ငံတကာအကျပ်အတည်းလေ့လာရေးအဖွဲ့ (ICG) မှ မြန်မာ့အရေး အကြီးတန်းသုတေသီ Richard Horsey က ဆိုသည်။

“သူ (မင်းအောင်လှိုင်) အနေနဲ့ ဒီရွေးကောက်ပွဲအလွန်ကာလမှာ မြန်မာနိုင်ငံနဲ့ သူ့ရဲ့ သံတမန်ရေးရာ အခြေအနေကို မြှင့်တင်ဖို့ လုပ်တာလို့ ထင်ပါတယ်။ ဒါဟာ အာဆီယံ၊ တရုတ်နဲ့ ဒီအရပ်သားအစိုးရအယောင်ဆောင်နဲ့ ဆက်ဆံရေး တိုးမြှင့်ချင်တဲ့သူတွေအတွက် တစ်ခုခု ပေးဆပ်ပြလိုက်တာပါပဲ” ဟု ၎င်းက သုံးသပ်သည်။

ဧပြီလ ၃၀ ရက်နေ့ ဗုဒ္ဓဘာသာနေ့ထူးနေ့မြတ်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာတွင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း ပြစ်ဒဏ်လျှော့ပေါ့ခံရသူ ထောင်ပေါင်းများစွာထဲတွင် ပါဝင်ခဲ့သည်။ သို့သော်လည်း သူမ၏ ရှေ့နေများကော သားဖြစ်သူ ကိုထိန်လင်း (Kim Aris) ကပါ သူမ နေရာရွှေ့ပြောင်းခံရသည်ကို အတည်မပြုနိုင်သေးပေ။

“နေရာရွှေ့တာဟာ လွတ်မြောက်တာ မဟုတ်ဘူး” ဟု ကိုထိန်လင်းက Facebook တွင် ရေးသားခဲ့ပြီး သူမမှာ ကမ္ဘာနှင့် အဆက်အသွယ်ပြတ်တောက်နေသည့် ဓားစာခံတစ်ဦးအဖြစ်သာ ရှိနေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ဘာသတင်းအချက်အလက်မှ မရှိသေးပါဘူး။ ကျွန်တော့်ရဲ့ တောင်း ဆိုချက်က ရိုးရှင်းပါတယ်။ ကျွန်တော့်အမေ အသက်ရှင်နေတယ်ဆိုတဲ့ အတည်ပြုချက်၊ သူမနဲ့ ဆက်သွယ်ခွင့်နဲ့ သူမကို လွတ်လပ်စွာ မြင်တွေ့ခွင့်ရဖို့ပါပဲ။ အသက်ရှင်နေတယ်ဆိုရင် အတည်ပြုနိုင်တဲ့ သက်သေပြပါ” ဟု ၎င်းက ဆိုသည်။

NPR သို့ ပေးပို့သော ထုတ်ပြန်ချက်တွင် ကင်အာရစ်က ယခုနေရာရွှေ့ပြောင်းမှု၏ အချိန်ကိုက်ဖြစ်ရပ်မှာ တို က်ဆိုင်မှုမဟုတ်ကြောင်းနှင့် ပြီးခဲ့သည့်အပတ်က မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ပါဝင်ပတ်သက်မှု ရှိနိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကလည်း ဒေါ်အောင်ဆန်းစုကြည်ကို “တရုတ် ၏ မိတ်ဆွေဟောင်း” အဖြစ် တင်စားပြောဆိုခဲ့သည်။

စစ်အုပ်စုက နိုင်ငံတကာဆက်ဆံရေး ကောင်းမွန်စေရန်အတွက် အမေရိကန်ရှိ DCI လော်ဘီအဖွဲ့ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လကတည်းက တစ်နှစ်လျှင် ဒေါ်လာ ၃ သန်းခန့် ပေးချေကာ ငှားရမ်းထားခဲ့သည်။ အဆိုပါအဖွဲ့တွင် ထရမ့်အစိုးရလက်ထက်က အရာရှိဟောင်း Justin Peterson နှင့် ထရမ့်၏ မဟာမိတ် Roger Stone တို့ ပါဝင်နေသည်။

အမေရိကန်အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် “မြေရှားသတ္တု” (Rare Earths) သယံဇာတများအပေါ် စိတ်ဝင်စားမှု ရှိနေနိုင်ပြီး ယင်းသယံဇာတအများစုမှာ လက်ရှိတွင် တရုတ်နိုင်ငံသို့သာ တင်ပို့နေရခြင်းဖြစ်သည်။

သို့သော်လည်း တရုတ်၏ ဩဇာလွှမ်းမိုးမှုကို လျှော့ချရန် ကြိုးပမ်းခြင်းမှာ ခက် ခဲသော အလုပ်ဖြစ်ပြီး မြန်မာစစ်တပ်အနေဖြင့်လည်း တရုတ်ကို ဆန့်ကျင်ရန် မဖြစ်နိုင်ကြောင်း Richard Horsey က သုံးသပ်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article