29.4 C
Yangon

ဖလမ်းမြို့နယ်၊ ခေါပွီးချိပ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကလေးငယ် ၆ ဦးအပါအဝင် ၇ ဦးသေဆုံးပြီးနောက် စစ်ဘေးရှောင်များ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလာ

Must read

ရန်ကုန်၊ မေ ၃

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခေါပွီးချိပ်ရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ကလေးငယ် ၆ ဦးအပါအဝင် ၇ ဦးသေဆုံးပြီးနောက် စစ်ဘေးရှောင်များ အိန္ဒိယနယ်စပ်သို့ ထွက်ပြေးလာကြောင်း ချင်းတော် လှန်ရေး သတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် အိန္ဒိယသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရှိရသည်။

မေလ ၁ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ဝန်းကျင်အချိန် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသအတွင်းရှိ ခေါပွီးချိပ် (Khawpuichhip) ကျေးရွာကို စစ်တပ်က လေကြောင်းမှတစ်ဆင့် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၇ ဦး သေဆုံးခဲ့ရပြီး ထိုအထဲတွင် ၅ လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် စုစုပေါင်း ကလေးငယ် ၆ ဦးအထိ ပါဝင်နေကြောင်း သိရှိရသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၂၉ နှစ်အရွယ် Pu Lalnunfela နှင့် ၎င်း၏ သားငယ် ၃ ဦးဖြစ်သော Malsawmmawia (၅ နှစ်)၊ Lalhuapzaua (၄ နှစ်)၊ Lalrinzuala (၅ လသား) တို့ သေဆုံးခဲ့ရသည်။

ထို့ပြင် အခြားကလေးငယ် ၃ ဦးဖြစ်သည့် Jedidia Lalduhsaka (၃ နှစ်)၊ Lalrinnunga (၁၀ နှစ်) နှင့် Lalhriatkima (၅ နှစ်) တို့လည်း အသက်ဆုံးရှုံးခဲ့ကြသည်။ သေဆုံးသူအားလုံးမှာ မီဇို (Mizo) မျိုးနွယ်စုဝင်များ ဖြစ်ကြပြီး ဗုံးကြဲမှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် အများအပြားလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

သေဆုံးသွားသူ ၇ ဦး၏ ရုပ်အလောင်းများကို မေလ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ခေါပွီးချိပ်ရွာ၌ပင် ခရစ်ယာန်ထုံးတမ်းအစဉ်လာအရ မြေမြုပ်သဂြိုဟ်ခဲ့ကြသည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြန်မာနိုင်ငံဘက်ခြမ်းမှ စစ်ဘေးရှောင် ၁၅၀ ကျော်သည် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ချမ်ဖိုင်းခရိုင်ရှိ ဇိုခေါသာ (Zokhawthar) ရွာသို့ ထပ်မံထွက်ပြေးခိုလှုံလာကြသည်။

စစ်ဘေးရှောင်အချို့မှာ ဆွေမျိုးများအိမ်တွင် ခိုလှုံနေကြပြီး ကျန်ရှိသူများကို ရပ်ရွာခန်းမများ၌ နေရာချထားပေးရန် စီစဉ်နေသည်။ ထို့ပြင် ဝါဖိုင် (Vaphai) ရွာသို့လည်း စစ်ဘေးရှောင် ၂၀ ကျော် ထပ်မံရောက်ရှိလာရာ လက်ရှိတွင် ထိုရွာ၌ စစ်ဘေးရှောင် ၉၀၀ ကျော် ရှိနေပြီဖြစ်သည်။

သို့သော် နယ်စပ်စောင့် အာသံရိုင်ဖယ် (Assam Rifles) တပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်ခွင့်ကို ကန့်သတ်လိုက်သော ကြောင့် တီအော (Tiau) မြစ်ကို ဖြတ်ကျော်ရန် ကြိုးပမ်းနေသည့် စစ်ဘေးရှောင်အချို့မှာ မြန်မာနိုင်ငံဘက်ခြမ်းတွင် သောင်တင်နေရကြောင်း သိရသည်။

ဟွာလ်ငိုရမ်ပြည်သူ့အဖွဲ့အစည်း (HPO) နှင့် CDF-Hualngoram တို့၏ အဆိုအရ တိုက်ခိုက်ခံရသည့် ခေါပွီးချိပ်ကျေးရွာတွင် လက်နက်ကိုင်အဖွဲ့များ ရှိမနေဘဲ စစ်ကောင်စီက အပြစ်မဲ့ပြည်သူများကိုသာ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

HPO ခေါင်းဆောင် Hminga က ယခုလုပ်ရပ်သည် မြန်မာစစ်ကောင်စီအနေဖြင့် ပြည်သူများ၏ အသက်အိုးအိမ်အပေါ် ဂရုမစိုက်ဘဲ အကြမ်းဖက်နေခြင်းကို ထင်ရှားစွာ ပြသနေခြင်းဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့သည်။ ခေါပွီးချိပ်ကျေးရွာသည် အိန္ဒိယ-မြန်မာ အမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း တည်ရှိရာ ရိခေါဒါရ်မြို့မှ ၂၀ ကီလိုမီ တာခန့်သာ ကွာဝေးသော ရွာတစ်ရွာလည်း ဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article