ရန်ကုန်၊ မေ ၃
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ကျေးရွာများကို ဆက်တိုက် မီးရှို့နေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လိုက်လံ တိုက်ခိုက်ရာ တပ်ကြပ် အောင်လင်းကို အရှင်ဖမ်းမိပြီး စစ်သားများ ထိခိုက်သေဆုံးမှုများပြားကြောင်း ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၁၂ ရက်နေ့မှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ထိန်ပန်းရွာနှင့် ရွာသစ်ရွာကို မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာသော စစ်တပ် စစ်ကြောင်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့များက လမ်းပိုင်းတနေရာတွင် စောင့်ကြို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများပြားခြင်းကြောင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။
ထို့နောက် ယင်းစစ်ကြောင်းသည် ဧပြီလ ၁၈ ရက်နေ့တွင် အင်အားထပ်မံ ဖြည့်တင်းပြီး ပြည်သူပိုင်ကျေးရွာများကို မီးရှို့ဖျက်ဆီးရန် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲ ဆက်လက်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း စစ်တပ်ဘက်မှာ စစ်သား ၃ ဦး ထပ်မံ သေဆုံးပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း သိရှိရသည်။
ယင်းစစ်ကြောင်းသည် တလုပ်မြို့၊ မြို့ကြီးကုန်းရွာနှင့် ရဲတိုင်ရွာဘက်ကို ထပ်မံ စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဧပြီလ ၂၀ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး တရွန်းပို့ရွာရှိ စစ်တပ် နောက်ကျန် အထိုင်စခန်းကိုပါ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သောကြောင့် စစ်သား ၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်း နောက် စစ်တပ် စစ်ကြောင်းသည် တလုပ်မြို့၊ မြို့ကြီးကုန်းရွာနှင့် ရဲတိုင်ရွာမှ ပြန်လည်ဆုပ်ခွာလာပြီး အင်အားများ ထပ်မံဖြည့်တင်းကာ ယုန်တိုးစွယ်ရွာနှင့် ယုန်တိုးရွာဘက်ကို စစ်ကြောင်း ၃ ကြောင်းဖြင့် ထပ်မံ ထိုးစစ်ဆက်လာသည့် အတွက် ဧပြီလ ၂၂ ရက်နေ့တွင် တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်သား ၃ ဦးသေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုကို MGN-35 နှင့် အတူ ပြည်သူကြယ်တစ်ပွင့်၊ မြင်းခြံမြို့နယ် ပကဖ၊ ထနောင်းမြေစစ်ကြောင်း၊ MGRF မန္တလေးတော်လှန်ရေးပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ဧပြီလ ၂၆ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်၊ ခံစပ်ကုန်းရွာရှိ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ညောင်ဇင်ကျေးရွာသို့ ခွေးကြောင်း ၂ ခု ခွဲ၍ ထိုးစစ်ဆင် ဝင်ရောက်လာသောကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁၀ ဦး သေဆုံးပြီး Drone ကား ၁ စီးနှင့် ရိက္ခာကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုကို MGN 35၊ ပြည်သူကြယ်တစ်ပွင့်၊ မြင်းခြံခရိုင် အမှတ်၄/၁၀ တပ်ရင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“မြင်းခြံခရိုင်ထဲမှာ တိုက်ပွဲတွေက နေ့စဉ်ကို ဖြစ်ပွားနေပြီး ခဲယမ်းနဲ့ ရိက္ခာတွေ လိုအပ်နေပါတယ်။ ပြည်သူတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြဖို့ ပြောချင်တယ်။ ထိတွေ့ မှုတွေက ဖြစ်နေတုန်းပဲ” ဟု ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် ယင်းတိုက်ပွဲများ အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ တပ်ကြပ် အောင်လင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက အရှင် ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေးမေးမြန်းမှုများ ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။
အလားတူ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာကို လေယာဉ်ဖြင့် လာချပေးသော ရိက္ခာနှင့် ခဲယမ်းများ ထွက်ကောက်သည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦး ထိခိုက်သေဆုံးခဲ့ကြောင်းဇာမဏီပြောက်ကျားတပ်ဖွဲ့ – မြိုင်အဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဧပြီလ ၂၈ ရက်နေ့တွင် တံတားဦးလေတပ်မှ တက်လာသော Y-12 စစ်ထောက်ပို့ လေယာဉ်တစ်စီးသည် မြိုင်မြို့နယ်၊ သရက်ကန်ပျူစောထီးရွာကို ရိက္ခာနှင့် ခဲယမ်းများ လာရောက်ချပေးစဉ် ထွက်ကောက်သည့် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထို ထိတွေ့တိုက်ပွဲသည် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၅ ဦး ထိခိုက်သေဆုံးမှုရှိကာ စစ်တပ်ဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
“ရွာအပြင်ကို ထွက်ကောက်တာ စစ်ခွေး အင်အား ၂၀ ဝန်းကျင်လောက်ရှိမှာပါ။ ကျွန်တော်တို့ ထိတွေ့ တိုက်ပွဲအတွင်း စစ်ခွေး ခန့်မှန်း ၅ ကောင်လောက် ထိခိုက်သေဆုံးမှုနိုင်တယ်။ ကျွန်တော်တို့ ရဲဘော်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု ဇာမဏီပြောက်ကျားတပ်ဖွဲ့ – မြိုင် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
ထိုတိုက်ခိုက်မှုကို ဇာမဏီပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်သားများ အနေဖြင့် မင်းအောင်လှိုင် ကောင်းစားရေးအတွက် အာဏာရှင်လက်အောက်၌ အသက်အသေမခံဘဲ လက်နက်နှင့်အတူ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ရောက်ကြရန် ဇာမဏီပြောက်ကျားတပ်ဖွဲ့က တိုက်တွန်းနှိုးဆော်ထားသည်။




