32.1 C
Yangon

အကြမ်းဖက်စစ်တပ်၏ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် သေဒဏ်ကျ၊ တစ်သက်တစ်ကျွန်းနှင့် နှစ် ၄၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားများ ခံစားခွင့်မရ

Must read

ရန်ကုန်၊ မေ ၄

အကြမ်းဖက်စစ်တပ်က မြန်မာနှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ ထုတ်ပြန်ခဲ့သော ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်အမိန့်တွင် သေဒဏ်ကျ၊ တစ်သက်တစ်ကျွန်းနှင့် နှစ် ၄၀ ကျော် ပြစ်ဒဏ်ချမှတ်ခံထားရသော နိုင်ငံရေးအကျဉ်းသားများ ခံစားခွင့်မရကြောင်း အဆိုပါ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်ဝင်စာတွေ့ဆုံခွင့်ရရှိခဲ့သော မိသားစုဝင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

အကြမ်းဖက်စစ်တပ်က ဧပြီလ ၁၇ ရက် (မြန်မာနှစ်ဆန်းတစ်ရက်နေ့) တွင် ထုတ်ပြန်ခဲ့သည့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်တွင် သေဒဏ်ကျခံနေရသူများကို ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲရန်၊ ထောင်ဒဏ်တစ် သက်နှင့် နှစ်အကန့်အသတ်မရှိ ကျခံနေရသူများကို ထောင်ဒဏ် ၄၀ နှစ်သို့ လျှော့ပေါ့ရန် (ယခင်လွတ်ငြိမ်း ခွင့်များဖြင့် သေဒဏ်မှ တစ်သက်သို့ ပြောင်းလဲထားသူများမပါဝင်)၊ ထောင်ဒဏ် ၄၀ နှစ်အထက် ကျခံနေရသူများကို ၄၀ နှစ်သို့ ပြောင်းလဲရန်၊ ထောင်ဒဏ် ၄၀ နှစ်နှင့် အောက်ကျခံနေရသူများကို ကျန်ရှိသော ပြစ်ဒဏ်၏ ၆ ပုံ ၁ ပုံ လျှော့ပေါ့ရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း အကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများနှင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ရရှိခဲ့သော မိသားစုဝင်များ၏ ပြောကြားချက်အရ အဆိုပါ ထုတ်ပြန်ချက်များသည် လက်တွေ့တွင် အကောင်အထည်ဖော်မှု မရှိကြောင်း ၊သေဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသားအများစုမှာ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲခြင်း မခံရကြောင်း ထောင်ဝင်စာတွေ့ဆုံမှုများမှတစ်ဆင့် အသိပေးလာကြောင်း သိရှိရသည်။

ယင်းအပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းနှင့် အနှစ် ၄၀ အထက် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသားအများစုသည်လည်း အမှန်တကယ် သက်သာခွင့် မရရှိကြောင်း သိရှိရသည်။

“သေဒဏ်တွေကိုလည်း တစ်သက်တစ်ကျွန်းပြောင်းတာမရှိဘူး။ အဓိကကတော့ နိုင်ငံရေးအမှုတွေပေါ့။ ရဲနဲ့ စစ်သားတွေကို တိုက်ခိုက်ခဲ့တဲ့ နိုင်ငံရေးအမှုတွေကို လွတ်ငြိမ်းသက်သာခွင့်မပေးပြန်ဘူး။ သူတို့ ထုတ်တဲ့ အမိန့်ထဲမှာ လွတ်ငြိမ်းသက်သာခွင့်ကို အမှုအားလုံးပေးပေမယ့် တကယ်လက်တွေ့မှာ နိုင်ငံရေးအမှုတွေ လုံး၀ သက်သာခွင့်မရဘူး။ အဲဒါ မီဒီယာတွေကို အသိပေးဖို့ အကြောင်းကြားလာလို့ပါ” ဟု ထောင်ဝင်စာ သွားရောက် တွေ့ဆုံခဲ့သော နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တစ်ဦးက ပြောဆိုသည်။

ဧပြီလ ၁၇ ရက်နေ့ တွင် အကြမ်းဖက်စစ်တပ်က အကျဉ်းသား ၄,၃၃၅ ဦး ကို လွှတ်ပေးခဲ့သော် လည်း မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီ၊ ပုသိမ်အကျဉ်းထောင်မှ ဒေါက်တာတင်မင်းထွဋ် ၊ ကိုဇော်မိုးထိုက်၊ ဦးသိန်းလွင်၊ ဦးဝင်းကျော်နှင့် ကိုဝင်းမင်းထွန်း (ကိုချက်ဖောင်းညီ) တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ လွတ်မြောက်ခဲ့သည်။

အလားတူ ဧပြီလ ၃၀ ရက်နေ့ ကဆုန်လပြည့်နေ့ လွတ်ငြိမ်းသက်သာခွင့်တွင်လည်း အကျဉ်းသား ၁,၅၀၈ ဦးကို လွတ်ငြိမ်းခွင့်ပေးခဲ့သော်လည်း နိုင်ငံရေးအကျဉ်းသား ပါဝင်မှုနှုန်းမှာ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က သတင်းထုတ်ပြန်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article