32.1 C
Yangon

ကနီ၊ ပေါက်နှင့် တောင်သာမြို့နယ်တို့တွင် စစ်တပ်က ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းနေ၍ ရွာပေါင်း ၃၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ မေ ၄

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်း ထိုးနေသောကြောင့် သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဧပြီလ ၂၈ ရက်နေ့မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က ချောင်းမ-ကနီ လမ်းပိုင်းနှင့် မုံရွာ-ယာ​ကြီး-ကလေးဝ လမ်းပိုင်းကို စစ်ကြောင်းထိုးလာသောကြောင့် ကျေးရွာပေါင်း ၂၆ ခုမှ ပြည်သူ ၁ သောင်းကျော်သည် ဘေးလွတ်ကို လက်ရှိချိန်ထိ ရှောင်ရှာနေဆဲဖြစ်ကြောင်း သိရသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းကြောင့် ချောင်းမအရှေ့ရွာ၊ ချောင်းမအနောက်ရွာ၊ ချင်းတောင်ရွာ ၊ လယ်ရှည်ရွာ ၊ အောင်မင်္ဂလာရွာနှင့် ဇီးပင်တွင်းရွာများ အပါအဝင် ရွာပေါင်း ၂၆ ခုမှ ပြည်သူ ၁၅၀၀၀ ကျော်သည် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ထို စစ်တပ် စစ်ကြောင်းသည် ကနီ-ယင်းမာပင်မြို့နယ်အစပ်ကို အင်အား ၃၀၀ ကျော်ဖြင့် ဝင်ရောက်နေခြင်းဖြစ်ပြီး ယာကြီး-ကလေးဝ လမ်းပိုင်းကို ထိန်းချုပ်၍ စစ်ကိုင်းတိုင်းဘက်မှ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ဘက်သို့ ပို့ဆောင်သည့် ကုန်စည် လမ်းကြောင်းကို ပိတ်ဆို့နိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဒေသသတင်းစစ်ရေး သတင်းရင်းမြစ်က သုံးသပ်ပြောဆိုသည်။

“စစ်ခွေးစစ်ကြောင်းက အခုထိရှိနေတုန်းပဲ သူတို့ အဓိက ထိန်းချုပ်ချင်နေတာက ရခိုင်နဲ့ချင်းဘက်ထိ ကုန်စည်တွေ ရောက်နိုင်တဲ့ ယာကြီး-ကလေးဝ လမ်းပိုင်းကို အဓိက ပိတ်ချင်နေတာ ပြည်သူတွေလည်း အကုန်လုံးတိမ်းရှောင်နေရတယ်။ အင်အားလည်းများတယ်။ အခုချိန်ထိ စစ်ခွေးစစ်ကြောင်းက တပ်ဖြန့်ထားတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပေါက်မြို့နယ်ကိုလည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ကျေးရွာ ၄ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၁ရက်နေ့မှစတင်ပြီး ဆိပ်ဖြူမြို့နယ် ကပစ ၂၂ မှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပေါက်မြို့နယ်ရှိ ကျေးရွာ ၄ ခုကို စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် သပြေရေရွာ၊ ချက်ကန်ရွာ၊ ရန်ကင်းရွနှင့် မှတ်ထောင်ကွင်းရွာမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

“ဆိပ်ဖြူမြို့နယ် ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ခွေး စစ်ကြောင်း ဝင်ရောက်လာတာကြောင့် သပြေရေရွာ၊ ချက်ကန်ရွာ၊ ရန်ကင်းရွာနဲ့ မှတ်ထောင်ကွင်းရွာက ပြည်သူတွေ အကုန်လုံးပြေးနေရတာ စစ်ခွေးတွေက ပြည်သူတွေကို ဖမ်းဆီးတာမျိုးမရှိဘူး။ နေအိမ်တွေကို မီးရှို့တာမျိုး မရှိဘူး။ လက်ရှိမှာ တိမ်းရှောင်နေရတဲ့ ပြည်သူတွေ အခက်အခဲတွေရှိနေပါတယ်” ဟု ပေါက်နယ်မြေပြင်သတင်းမှန်ပြန်ကြားရေး ကိုနတ်ဆိုးက ပြောဆိုသည်။

ဆိပ်ဖြူ-ပေါက်လမ်းပိုင်းနှင့် ပုသိမ်-မုံရွာလမ်းပိုင်းများကို စစ်တပ်က မကြာခဏ စစ်ကြောင်းထိုးနေခြင်းကြောင့် ပုသိမ်- မုံရွာလမ်းပိုင်းကို ပြည်သူများ အသုံးပြုသွားလာခြင်းမပြုလုပ်ရန် တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မေလ ၄ ရက်နေ့တွင် တောင်သာ-ရုံးစည်ကြီး လမ်းပိုင်းရှိ ပန်းပေါင်းဂိတ်တွင် တပ်စွဲထားသော အင်အား ၁၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာများကို စစ်ကြောင်းထိုးရန် ပြင်ဆင်နေခြင်းကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက ဘယ်ကို ထွက်လာမလဲဆိုတာတော့ မသိသေးဘူး။ အခုက စစ်ကြောင်းထိုးဖို့ ပြင်နေတယ်။ ပြည်သူတွေကတော့ ကြိုပြီး တိမ်းရှောင်နေရတာပေါ့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article