ရန်ကုန်၊ မေ ၄
ပဲခူးတိုင်း၊ အုတ်တွင်း၊ ထန်းတပင်၊ ဖြူးမြို့နယ်အစပ်နှင့် စစ်တောင်းမြစ် အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၂ ရက်ဆက် ဗုံးကျဲတိုက်ခိုက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နေ့ ည ၉ နာရီခန့်တွင် အုတ်တွင်းမြို့နယ်ရှိ လှေဆွဲမြောင်းရွာ၊ ချောင်ကျိုးရွာ၊ ထန်းတပင်မြို့နယ်ရှိ ငါးဆီလှောင်ရွာ ၊ဇလုပ်ကြီးရွာနှင့် ဖြူးမြို့နယ်ရှိ သောင်ပုချောင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် အပါအဝင် လေယာဉ် ၃ စီးဖြင့် အကြိမ် ၃၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီကျော်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်က စစ်တောင်းမြစ် အနီးရှိ ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်နေပြီး ပြည်သူများလည်း ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ စစ်တပ်က ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်သေဆုံးမှုရှိပြီး နေအိမ်များလည်း ပျက်စီးကာ အရေအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ဒီနေ့နံနက်ပိုင်းကလည်း ထပ်ပြီးတော့ကျဲသွားတယ်။ အခုထိလည်း လေယာဉ်တွေဝဲနေတုန်းပဲ မနေ့က ညပိုင်းက ဗုံးကျဲ တိုက်ခိုက်တာတော့ ပြည်သူတွေ ထိခိုက်မှုရှိတယ်။ အရေအတွက်တော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။
မေလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က သာယာကုန်းမှနေ၍ ကြိတ်ကွင်းကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့ရာ နေအိမ် ၁ လုံးနှင့် လက်တွန်းထွန်စက် ၁ စီးထိမှန်ပျက်စီးခဲ့ကြောင်း၊ မေလ ၁ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ခလရ-၂၆၄ တပ်ရင်းမှ လိန်ပင်ဝိုင်းကျေးရွာ အတွင်းကို ၁၂၀ မမ လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အသက် ၅၆ နှစ်အရွယ် မောင်ဇော်လွင်၊ အသက် ၄၀ နှစ်အရွယ် မမိသူ နှင့် ထောလူခိုကျေးရွာ မှ စစ်ဘေးရှောင်တိမ်းရှောင်လာသော အသက် ၅၈ နှစ်အရွယ် ဒေါ်နွဲ့ဌေး တို့ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၉ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ကဝေါ်မူဒဲ ကျေးရွာထဲကို ပေါင် ၅၀၀ ဗုံး ၂ လုံးနှင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့သောကြောင့် နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း ပကတိမြေပြင်တွင်မူ အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများ နှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း KNU က ပြောဆိုထားသည်။






