32.2 C
Yangon

ဝက်လက်နှင့် ကျောက်ထုမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်များပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယနေ့ မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်တွင် ဝက်လက်မြို့နယ်၊ လှတောရွာတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က ၆၀ မမ လက်နက်ကြီး ၃ လုံးဖြင့် ကျေးရွာအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပြည်သူများထိခိုက်မှုမရှိသော်လည်း နေအိမ် ၁ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မေလ ၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ရွှေဘိုမြို့အဝင်မုခ်ပေါက်မှ အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း ၃ စီးဖြင့် ဝက်လက်မြို့နယ် အနောက်မြောက်ခြမ်း အုတ်ပုံကျေးရွာအနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါတိုက်ခိုက်မှုအတွင်း အုတ်ပုံကျေးရွာ၌ နေထိုင်သော အမျိုးသား ၁ ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာရှိသူများလည်းရှိကြောင်းသိရှိရသည်။

“မနေ့က ၁၁နာရီဝန်းကျင်လောက်မှာ ရွှေဘိုမြို့အဝင်မုခ်ပေါက်ကနေ suicide drone ၃စီး ရှေ့ဆင့်နောက်ဆင့် ဆက်တိုက်လွှတ်တယ်လို့ သိရတယ်။ အဲဒီ drone တွေက ဝက်လက်မြို့နယ် အနောက်မြောက်ခြမ်းမှာ ကျရောက်ပေါက်ကွဲပြီး ပြည်သူထိခိုက်ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်။ ဝက်လက်မြို့နယ် အုတ်ပုံရွာက အမျိုးသား ၁ဦး သေဆုံးခဲ့တယ်လို့ကြားသိရပါတယ်။ သေဆုံးသွားတဲ့ ပြည်သူ ၁ဦးကတော့ အသက်အရွယ် မသိရသေးဘူး။ နေအိမ်ပျက်စီးတာမျိုးကိုတော့ ကျွန်တော်တို့ မသိရသေးဘူး ဆက်လက်စုံစမ်းဆဲပါ။ ဗုံး၃လုံးနဲ့ ကျဲတိုက်ခိုက်ခဲ့တာပါ။ ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်းအန္တရာယ်တို့ကို သတိပြုနေထိုင်ဖို့ ပြောချင်ပါတယ်”ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ ကျောက်ထုမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံး ၃၄လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၄ ရက်နေ့ ညနေ ၅ နာရီ ၂၈ မိနစ်ခန့်မှ ၄၉ မိနစ်ခန့်အထိ တံတားဦးလေတပ်မှ တက်သော Y-12 ၁ စီးက ကျောက်ထုမြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၈ ကြိမ် ဗုံး ၃၄ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“စစ်ခွေးတွေက ၈ကြိမ်တိုင်တိုင် လေကြောင်းတိုက်ခိုက်ခဲ့တာပါ။ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာမျိုးနှင့် နေအိမ် ပျက်စီးတာမျိုးကို ကျွန်တော် ဆက် လက်စုံစမ်းဆဲပါ။ စစ်ခွေးတွေ ဗုံး ၃၄ လုံးနဲ့ ကျဲချသွားတာပါ။ပြည်သူများအနေဖြင့် စစ်ကြောင်းနှင့် လေကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ် “ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article