32.2 C
Yangon

အီရန်စစ်ပွဲ ၂ လကျော်ကြာမြင့်လာချိန် အရှေ့အလယ်ပိုင်းရောက် မြန်မာနိုင်ငံသား အလုပ်သမားများ အလုပ်လက်မဲ့ဖြစ်ခြင်း၊ လစာဝင်ငွေလျှော့ချခံရခြင်း၊ ကုန်ဈေးနှုန်းကြီးမြင့်မှုတို့ကို ရင်ဆိုင်နေရ၊ ပြည်တွင်းမှ မြန်မာအလုပ်သမားများ ကလည်း အရှေ့အလယ်ပိုင်းသို့ ဆက်လက် လာနေကြဆဲ

Must read

ရန်ကုန်၊ မေ ၅

အရှေ့အလယ်ပိုင်းတွင် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသား အလုပ်သမားများမှာ အီရန်စစ်ပွဲ ၂ လကျော်ကြာမြင့်လာချိန် အလုပ်လက်မဲ့ဖြစ်ခြင်း၊ လစာဝင်ငွေ လျှော့ချခံရခြင်းနှင့် ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းတို့ကြောင့် အခက်အခဲများစွာ ကြုံတွေ့လာရကြောင်း ဒူဘိုင်း၊ ကာတာ၊ ယူအေအီးနှင့် အဘူဒါဘီတို့တွင် ရောက်ရှိနေသော မြန်မာအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှစတင်ခဲ့သော အီရန်နိုင်ငံကို အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုများမှာ ယခုအခါ ၂ လကျော် ၃ လအတွင်းသို့ ဝင်ရောက်လာနေပြီဖြစ်ကြောင်း၊ မူလက စစ်ပွဲမှာ ခဏသာကြာမြင့်မည်ဟု ထင်ခဲ့သော်လည်း ယခုအခါ လနှင့်ချီကြာမြင့်လာ၍ အရှေ့အလယ်ပိုင်းရှိ လုပ်ငန်းများစွာ ထိခိုက်ရပ်နားမှုများ ဖြစ်ပေါ်နေကြောင်း၊ အထူးသဖြင့် ဟိုတယ်လုပ်ငန်းများ၊ စားသောက်ဆိုင်လုပ်ငန်းများအားလုံးမှာ ရပ်တန့်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။

“ဒူဘိုင်းမှာတော့ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ တော်တော် အရောင်းအဝယ်ကျတယ်။ ခရီးသွားတွေလည်း မလာတော့ဘူး။ ကျနော်တို့ဟိုတယ်မှာတော့ အလုပ်ချိန်တွေလျှော့တယ်။ လစာတွေလျှော့တယ်။ အလုပ်တော့မဖြုတ်သေးဘူး။ စားစရိတ်တော့ ထောက်ပံ့ပေးတယ်။ အိမ်ကို ပြန်ဖို့နေနေသာသာ ကိုယ့်ဟာကိုယ်တောင် အိမ်ငှားခ၊ အသုံးစရိတ်နဲ့ မနည်းကို လောက်ငအောင် သုံးနေရတယ်။ ဧပြီလမှာ အလုပ်တွေ တော်တော်များများ ရပ်ကုန်တယ်” ဟု ဒူဘိုင်းရှိ ဟိုတယ်တစ်ခုတွင် ဧည့်ကြို လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးက ရှင်းပြသည်။

ယင်းအပြင် ကုန်ဈေးနှုန်းများလည်း တရိပ်ရိပ်တက်လာနေပြီး စစ်ပွဲများ ပြန်လည် ဖြစ်ပွားမည့်အရေးကိုလည်း အမြဲတစေ ပူပန်နေရကြောင်း မြန်မာအလုပ်သမားများက ရှင်းပြသည်။

“ဈေးတွေက တော်တော်ကိုတက်တာ။ ကုန်တင်သင်္ဘောတွေလည်း မဝင်လာသလို ထွက်သွားတဲ့သင်္ဘောလည်း ထွက်ခွင့်မရဘဲ ပိတ်မိနေတာ။ အဓိက လူသုံးကုန်၊ စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဈေးတက်တယ်။ အဲဒီသွင်းကုန်တွေကလည်း ရေလက်ကြားကို သင်္ဘောတွေ ဝင်မရတော့ ကုန်ပစ္စည်းတွေပြတ်နေတာ။ ကျနော်တို့ အရင်စားတဲ့ ဆန်တွေတောင် ဝယ်မရတော့ဘူး။ ပြန်ဖို့ကျတော့လည်း ကိုယ့်နိုင်ငံက အခြေအနေမကောင်း။ ဆက်နေဖို့ကလည်း ခက်တော့ ဘာလုပ်ရမှန်းမသိဘူး” ဟု အဘူဒါဘီရောက် ဆောက်လုပ်ရေး မြန်မာအလုပ်သမား ကိုကျော်ဝင်းနိုင်က ဆိုသည်။

အီရန်စစ်ပွဲမတိုင်မီက ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် အခြေခံအားဖြင့် အမေရိကန်ဒေါ်လာ ၅၀၀ မှ ဒေါ်လာ ၁၅၀၀ အကြား အချိန်ပိုနှင့် ပင်ပန်းမှုပေါ်မူတည်၍ ဝင်ငွေလစာများ ရရှိခဲ့သော်လည်း အရှေ့အလယ်ပိုင်း ပဋိပက္ခ ဖြစ်ပွားပြီးနောက် ဆောက်လုပ်ရေးလုပ်ငန်းများလည်း ယာယီရပ်နားကုန်ကြောင်း၊ ယခုအခါ အလုပ်ရှင်က စားစရိတ်နှင့် နေစရိတ်သာပေး၍ အခြေအနေ အေးဆေးတည်ငြိမ်လာသည်အထိ စောင့်ဆိုင်းရန် အလုပ်ရှင်ဘက်က ပြောဆိုကြောင်း ၎င်းက ရှင်းပြသည်။

“ပုံမှန်ဆိုရင် ဒေါ်လာ ၅၀၀ ကတော့ အောက်ထစ်ရပါတယ်။ အခုတော့ အလုပ်တွေ နားထားရတယ်။ သူဌေးက စားစရိတ်နဲ့ နေစရာပေးထားတယ်။ စစ်ပွဲတွေပြီးရင် အလုပ်ပြန်စမယ်ပြောတယ်။ စစ်ကလည်း ဘယ်တော့ ပြီးမလဲ ကျနော်တို့လည်း မသိဘူး။ စစ်ပွဲပြန်ဖြစ်ရင် ဘယ်အချိန် ကိုယ့်ခေါင်းပေါ် ဒုံးကျည်ကျမလဲ စိုးရိမ်နေရတယ်” ဟု ဆောက်လုပ်ရေး မြန်မာအလုပ်သမား ကိုကျော်ဝင်းနိုင်က ဆိုသည်။

နိုင်ငံတကာသတင်းများအရ အမေရိကန်နှင့် အစ္စရေးတို့ အီရန်နှင့် စစ်ဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းတစ်လွှားတွင် ဒုံးကျည်ထိမှန်ခြင်းနှင့် စစ်ပွဲများကြောင့် ပြည်ပနိုင်ငံများမှ အလုပ်သမား ၂ ဒါဇင်ကျော် သေဆုံးခဲ့ရသည်။

အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာအလုပ်သမားများအနေဖြင့် လက်ရှိ စီးပွားရေး ကျဆင်းသည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရရာ အရှေ့အလယ်ပိုင်းတွင်ပင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်မည်လား သို့မဟုတ် နေရပ်ပြန်ရမည်လား ဆိုသည်ကို ဆုံးဖြတ်ရမည့် အခြေအနေ ရောက်ရှိနေကြောင်း မြန်မာအလုပ်သမားတချို့က ဆိုသည်။

“မြန်မာပြည်ပြန်ဖို့ကတော့ မဖြစ်နိုင်ဘူး။ ဟိုမှာ စစ်မှုထမ်းနဲ့ ပေါ်တာဆွဲနေတာ။ ပြန်ဖို့တော့ မစဉ်းစားသေးဘူး။ တချို့ကတော့ ထိုင်းကို သွားကြတယ်။ ဒီမှာ အဆင်မပြေပေမယ့် မြန်မာနိုင်ငံကနေလည်း ဒီကို လာနေကြတာတွေ ရှိနေတယ်။ ပြန်ဖို့ကတော့ မစဉ်းစားရဲသေးဘူး။ ဒီမှာ ဆက်နေမလား၊ အခြားနိုင်ငံတစ်ခုကို ပြောင်းမလား အဲဒါပဲ စဉ်းစားနေရတယ်” ဟု ယူအေအီးရောက် မြန်မာအလုပ်သမား ကိုသန့်ဇင်က ဆိုသည်။

အရှေ့အလယ်ပိုင်းတွင် နိုင်ငံခြားသားအလုပ်သမားများ အဆင်မပြေမှုများအတွက် သက်ဆိုင်ရာ သံရုံးများက ကူညီဖြေရှင်းပေးမှုများ ရှိသော်လည်း မြန်မာစစ်တပ်၏ သံရုံးများကမူ တစ်စုံတစ်ရာ ကူညီမှုမရှိကြောင်း မြန်မာအလုပ်သမားတချို့က ဆိုသည်။

အီရန်စစ်ပွဲမှာ လတ်တလော အပစ်အခတ်ရပ်စဲထား၍ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုများ ရပ်နားနေသော်လည်း ရေလက်ကြားကို ပိတ်ထားခြင်းကြောင့် အရှေ့အလယ်ပိုင်းရှိ စီးပွားရေးလုပ်ငန်းများအားလုံး အထူးသဖြင့် ဟိုတယ်၊ စားသောက်ဆိုင်၊ ကုန်တိုက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများမှာ အဓိက နှေးကွေးနေဆဲဖြစ်ရာ မြန်မာအလုပ်သမားများအတွက် အခက်အဲအကျပ်အတည်းများမှာ တဖြည်းဖြည်း ပိုမိုကြီးမားလာနေကြောင်း မြန်မာအလုပ်သမားများက ဆိုကြသည်။

“အခု ၂ လရှိပြီ စီးပွားရေးတွေ မကောင်းတာ။ ဒါကြီးက ရေရှည်ဆိုရင် တောင့်ခံနိုင်ဖို့ခက်တယ်။ အခြားနိုင်ငံကူးမယ်ဆိုရင်တောင် လေယာဉ်လက်မှတ်ခတွေက ဈေးကြီးတော့ အတော်ကို ခက်ခဲပါတယ်။ ဒီအကျပ်အတည်း ရှည်ကြာလာလေ ကျနော်တို့တတွေ ပိုခက်ခဲလာလေပဲ” ဟု ဒူဘိုင်းမှ ဟိုတယ်ဧည့်ကြို မြန်မာအလုပ်သမားက ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article