ရန်ကုန်၊ မေ ၅
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ၂ ရက်ဆက် အကြိမ်ရေ ၅၀ ကျော် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
မေလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ-၂၆၄ တပ်ရင်းက ကျောက်ကြီးမြို့နယ်၊ ကြိတ်ကွင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် မေလ ၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ထီးဒေါ်လေးနေရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တောလိုက်ထွက်နေသော တုံးတံတားရွာသား အသက် ၅၆ နှစ်အရွယ် စောလှဝင်းမှာ ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး တောင်ခင်ကျေးရွာအတွင်းကိုလည်း ဒရုန်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောင်ခင်ကျေးရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်က မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့ ကျောက်ကြီးမြို့နယ်အတွင်းသို့ ဂျက်ဖိုက်တာဖြင့် ၂ ကြိမ်၊ ၁၂၀ မမ လက်နက်ကြီးဖြင့် အကြိမ် ၂၀ နှင့် ဒရုန်းများဖြင့် ၃၆ ကြိမ်တိုင်တိုင် ပစ်မှတ်ထားတိုက်ခိုက်ခဲ့ဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက် စစ်တပ်သည် နိုင်ငံတကာတွင် တရားဝင်မှုရရှိရန် အတုအယောင်ရွေးကောက်ပွဲကို ဆောင်ရွက်ခဲ့ပြီး အတုအယောင်အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ရေးကြိုးပမ်းနေသော်လည်း ပကတိမြေပြင်တွင် အရပ်သားပြည်သူလူထုများအား ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ကျူးလွန်လျက်ရှိပြီး စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လျက်ရှိကြောင်း KNU ဗဟိုက ပြောဆိုထားသည်။
အလားတူ ဧပြီလပိုင်းကလည်း ကျောက်ကြီးမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ၀ါကေဒဲရွာနှင့် လယ်ဆူခိုရွာ အနီးပတ်ဝန်းကျင်ကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ဝါကေဒဲရွာ၊ လယ်ဆူခိုရွာ၊ ကိုထာရွာ နှင့် ကဒူးမူဒဲရွာတို့မှ ပြည်သူ ၆၀၀ ကျော်သည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။






