ရန်ကုန်၊ မေ ၆
ချင်းပြည်နယ်၊ တီးတိန်မြို့သို့ စစ်အင်အားဖြည့်တင်းရန် လာရောက်သည့် စစ်တပ်စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှ လည်း စခန်းတစ်ခုလက်လွှတ်လိုက်ရကြောင်းချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မေလ ၄ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ တီးတိန်မြို့နယ်အတွင်းသို့ သိုင်းငင်း -တီးတိန်လမ်းအတိုင်း တက်လာသည့် အင်အား ၂၀၀ ခန့်ပါ စစ်တပ်စစ်ကြောင်းကို ထန်မွှော်တောင် (ခ) လေထန်ကုန်း နှင့် အပ်လွယ်ကျေးရွာအနီးတဝိုက်၌ ချင်းတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး ထက်မနည်းသေဆုံးခဲ့ကြောင်း သိရသည်။
ယင်းစစ်တပ်စစ်ကြောင်းသည် ကလေးမြို့မှ မေလ ၂ ရက်နေ့တွင် စတင်ထွက်ခွာလာခြင်းဖြစ်ပြီး တီးတိန်မြို့နယ်၊ ကနေဒီတောင်ကို စိုးမိုးရန်နှင့် တီးတိန်မြို့ရှီ ခလရ ၂၆၉ တပ်ရင်းအတွင်းသို့ စစ်အင် အားဖြည့်တင်းရန် ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက်စစ်တပ် စစ်ကြောင်းချီတက်ရာ လမ်းကြောင်းတလျှောက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ် က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှလုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများဖြင့် တရွှေ့ရွှေ့ချီတက်နေခြင်းဖြစ်ပြီး ယမန်နေ့ မေလ ၅ ရက်နေ့က တီးတိန် မြို့နယ်အတွင်းရှိ မဟာဗျူဟာမြောက် အရေးပါသော ထန်မွာလ် (Thuammual) စခန်းကို စစ်ကောင် စီတပ်က ပြန်လည်သိမ်းပိုက်ကာ တပ်စွဲထားကြောင်း သိရသည်။
“တီးတိန်တိုက်ပွဲကတော့ အတိအကျတော့ မသိရသေးဘူး။ ကျနော်တို့ ချင်းတော်လှန်ရေးဘက်က စခန်းတစ်ခုတော့ လက်လွှတ်လိုက်ရတာရှိတယ်” ဟု ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အကြမ်းဖက်စစ်တပ်၏ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ ချင်းပြည်နယ်၊ တီးတိန်မြိုနယ်ရှိ ကနေဒီတောင် လေထန်ကုန်း စခန်းကို စစ်တပ်က ယနေ့ သိမ်းပိုက်ရရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
မေလ ၁ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်း၊ ကလေးမြို့ဘက်မှတစ်ဆင့် တီးတိန်ဒေသဘက်သို့ အင် အား ၁၈၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို CDM-Siyin တပ်ဖွဲ့က မိုင်းဆွဲတိုက် ခိုက်ခဲ့ရာ စစ်သား ၅ ဦး နေရာတင် သေဆုံးခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင်လည်း တီးတိန်မြို့နယ်၊ Akluai ကျေးရွာအနီးသို့ ရောက်ရှိလာသည့် စစ်ကောင်စီတပ်ကို ချင်းညီနောင် (Chin Brotherhood – CB) နှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ထိခိုက် သေဆုံးမှု များပြားနိုင်သော်လည်း အရေအတွက်အတိအကျကိုမူ အတည်ပြုနိုင်ခြင်း မရှိကြောင်း သိရ သည်။
လတ်တလောတွင် တီးတိန်မြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာလျက်ရှိပြီး တိုက်ပွဲများ ပိုမို ပြင်းထန်လာနိုင်သောကြောင့် ဒေသနေပြည်သူများအနေဖြင့် စစ်ရေးသတိဖြင့် သွားလာနေထိုင်ကြ ရန်နှင့် လုံခြုံရေးကို အထူးဂရုပြုကြရန် တော်လှန်ရေးအင်အားစုများက အသိပေးနှိုးဆော် ထားသည်။
အလားတူ ဟားခါးမြို့နှင့် ဖလမ်းမြို့အကြား လှုပ်ရှားနေသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းများ ကိုလည်း ချင်းလဲန်းအစိုးရ (Chinland Government) တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ မြေပြင်ကျွမ်းကျင်မှုကို အသုံးချ၍ စစ်တပ်ဦးဆောင်သော ခေါင်းဆောင်များကို စုပြုံပစ်ခတ်ခြင်းဖြင့် “အမှည့်ခြွေ” စစ်ဆင်ရေးကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။





