ရန်ကုန်၊ မေ ၈
ထိုင်းနိုင်ငံ၏ အဆိုပြုချက်အရ မြန်မာ အကြမ်းဖက်စစ်တပ်၏ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံမည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ကောင်ကင်ဟွန်း (Kao Kim Hourn) က ထုတ်ဖော်ပြောဆိုလိုက်သည်။
၅ နှစ်နီးပါးကြာ အာဆီယံ၏ အဆင့်မြင့်အစည်းအဝေးများမှ ဘေးဖယ်ထားခြင်း ခံခဲ့ရသည့် မြန်မာနိုင်ငံသည် ယခုအခါ အာဆီယံနှင့် ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ဆန္ဒရှိကြောင်း အရိပ်အယောင်ပြသလာသော်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံများဘက်ကမူ မြန်မာ့ပဋိပက္ခအတွင်း အကြမ်းဖက်မှုများ လျှော့ချရေး၊ တွေ့ဆုံဆွေးနွေးမှုများ ဖော်ဆောင်ရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အဆင်ပြေစွာ ပေးအပ်နိုင်ရေးစသည့် အချက်များတွင် တိုးတက်မှုရှိလာသည်ကို မြင်တွေ့လိုကြကြောင်း ထုတ်ဖော်ပြောဆိုသည်။
ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပပြီးနောက် မင်းအောင်လှိုင် ဦးဆောင်သော အမည်ခံ အစိုးရသစ် တက်လာခဲ့သော်လည်း အာဆီယံအနေဖြင့် အဆိုပါရွေးကောက်ပွဲကို အသိအမှတ်ပြုခြင်း မရှိသေးသလို၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း အာဆီယံထိပ်သီးအစည်းအဝေးများ တက်ရောက်ခွင့် မပြုသေးပေ။
ယခု မြန်မာနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့် အစီအစဉ်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၏ အဆိုပြုချက်ကို အာဆီယံအတွင်း သဘောတူညီမှု ရရှိခဲ့ခြင်း ဖြစ်သည်။
မြန်မာ့အရေးအတွက် ခန့်အပ်မည့် အထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက်မက တိုးမြှင့်သတ်မှတ်ရန် ကိစ္စရပ်ကိုလည်း ဆွေးနွေးလျက်ရှိသော်လည်း ဖြေရှင်းရန်လိုအပ်သော အဟန့်အတားအချို့ ရှိနေသေးကြောင်း အတွင်းရေးမှူးချုပ်က ဆိုသည်။




