31.3 C
Yangon

ဖားကန့်၊ ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်တစ်ခုကို စစ်တပ်က လေကြောင်းမှ ဗုံးကျဲ၊ ကျောက်ကြီးတွင်လည်း စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် အဘွားအို ၁ ဦးဒဏ်ရာပြီး ဘုန်းကြီး ကျောင်းနှင့်နေအိမ်များပျကစီး

Must read

ရန်ကုန်၊ မေ ၈

ကချင်ပြည်နယ်၊ ဖားကန့်ရတနာမြေအတွင်းရှိ ကျောက်စိမ်းလုပ်ကွက်အချို့ကို ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိပါသည်။

ယနေ့ နံနက် ၁၀ နာရီခန့်အချိန် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ မလောင်မှော်အတွင်းရှိ “မြဥယျဉ်” ကျောက်စိမ်းကုမ္ပဏီ လုပ်ကွက်ဆိုက်ထဲသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အပြင် မှော်စီစာဘုရားကုန်း၊ သာယာကုန်းနှင့် မလောင်မှော်အနီးတစ်ဝိုက်တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ရှိကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးလာကျဲသွားတာ။ ဖားကန့် လုံးခင်း မလောင်မှော်နားက မြဥယျာဉ် ကျောက်စိမ်းကုမ္ပဏီ ဝင်းထဲကို ကျဲတာ။ အထိအခိုက်အပျက်အစီး မသိရသေးဘူး” ဟု ဖားကန့်ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။

ယခုတိုက်ခိုက်မှုသည် စစ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော အရပ်သား ကျောက်စိမ်းကုမ္ပဏီလုပ်ကွက်များအပေါ် ပစ် မှတ်ထားတိုက်ခိုက်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

လက်ရှိအချိန်အထိ လေကြောင်းတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုနှင့် ပျက်စီးဆုံးရှုံးမှု အသေးစိတ် အခြေအနေကိုမူ အတည်မပြုနိုင်သေးကြောင်း၊ ဖားကန့်ဒေသခံများအနေဖြင့် လေယာဉ်သံများ ကြားရသည့်အတွက် ထပ်မံတိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း သိရှိရပါသည်။

အလားတူ ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို အကြမ်းဖက်စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အသက် ၇၇ နှစ်အရွယ် အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။

မေလ ၅ ရက်နေ့တွင် အကြမ်းဖက်စစ်တပ် တပ်စွဲထားသော ဘာဘူကုန်းမှ ကျောက်ကြီးမြို့နယ်၊ နွားရေချောင်းကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး ၁ လုံး လာရောက်ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုအတွင်း အသက် ၇၇ နှစ်အရွယ် ဒေါ်မြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးမောင်ဇော်နှင့် ဦးတိုးလေးတို့၏ နေအိမ် ၂ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်တပ်က ခင်တန်းကျေးရွာအတွင်းကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၁ လုံး ထပ်မံကျဲချတိုက်ခိုက်ခဲ့ရာ ခင်တန်းကျေးရွာရှိ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်က ညောင်လေးပင်ခရိုင်အတွင်းရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ ရည်ရွယ်ချက်ရှိရှိ ပြည်သူများ နေထိုင်ရာနေရာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ ဒရုန်း၊ လေ ယာဉ်၊ လက်နက်ကြီးများဖြင့် နေ့စဉ်နှင့်အမျှ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသောကြောင့် ပြည်သူလူထုများမှာ စိုးရိမ်ကြောက်ရွံ့မှုများစွာဖြင့် အသက်ရှင်နေထိုင်နေကြရကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။

အလားတူ မေလ ၂ ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်၏ ခြေလျင်တပ်ရင်း ခလရ-၂၆၄ တပ်ရင်းက ကျောက် ကြီးမြို့နယ်၊ ကြိတ်ကွင်းကျေးရွာအတွင်းကို ၁၂၀ မမ လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ နေအိမ် ၃ လုံး ထိမှန်ပျက်စီးခဲ့သည်။

ထို့ပြင် မေလ ၃ ရက်နေ့တွင်လည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ထီးဒေါ်လေးနေရာသို့ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ တောလိုက်ထွက်နေသော တုံးတံတားရွာသား အသက် ၅၆ နှစ်အရွယ် စောလှဝင်းမှာ ဗုံးစထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး တောင်ခင်ကျေးရွာအတွင်းကိုလည်း ဒရုန်းဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောင်ခင်ကျေး ရွာ ဘုန်းကြီးကျောင်း ထိမှန်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article