ရန်ကုန်၊ မေ ၈
ပဲခူးတိုင်း၊ တောင်ငူခရိုင် စစ်တောင်းမြစ်အနီးရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်တာ ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၈ ဦးသေဆုံးပြီး ရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် အကြမ်းဖက် စစ်တပ်က အုတ်တွင်းမြို့နယ်၊ ထန်းတပင်မြို့နယ်နှင့်ဖြူးမြို့နယ် အစပ်ရှိ လှေဆွဲမြောင်းရွာ၊ ချောင်ကျိုးရွာ၊ ငါးဆီလှောင်ရွာ၊ ဇလုပ်ကြီးရွာနှင့် သောင်ပုချောင်ရွာ တို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ် အပါအဝင် လေယာဉ် ၃ စီးတို့ဖြင့် အကြိမ် ၄၀ ကျော် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၂ ဦးသေဆုံးကာ ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် တောင်ပုချောင်ရွာ ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်းသိရှိရသည်။
“မေလ ၃ ရက်နေ့ ည ၁၁ နာရီကနေ ၁၂ နာရီအထိ စစ်ခွေးတွေက Y-12 လေရော ဂျက်ဖိုက်တာနဲ့ရော ဗုံးအလုံး ၄၀ ကျော် ကျဲချ တိုက်ခိုက်တယ်။ မေလ ၄ ရက်နေ့ကျတော့ နံနက် ၁၁ နာရီကနေစပြီး ဂျက်ဖိုက်တာနဲ့ ဗုံး ၆ လုံးကျဲချ တိုက်ခိုက်သွားတာ စစ်ခွေးတွေ ၂ ရက်ဆက် ဗုံးကျဲတာ ပြည်သူ ၂ ဦးသေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
အလားတူ မေလ ၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်မှ ၅၂ မိနစ်ထိ ဖြူးမြို့နယ်ရှိ လေးအိမ်စုရွာ၊ သစ်ခြောက်ခင်ရွာ နှင့် ချားပင်ချောင်ရွာကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီး၊ အသေခံ ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်တွင်လည်း တောင်ငူလေတပ်စခန်းမှ တက်လာသော MI-35 ရဟတ်ယာဉ်ဖြင့် ထန်းတပင်မြို့နယ်၊ ဘွားအေစုကျေးရွာကို ၈ ကြိမ်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ဘွားအေစုကျေးရွာမှ စက်လှေလုပ်သားများဖြစ်သော ကိုဇော်ဝင်းထွဋ် ၊ ကိုသံခဲ၊ ကိုစိုင်းကိုကို၊ ကိုဝကြီး နှင့် အမည်မသိ ကလေးငယ် ၂ ဦး သေဆုံးခဲ့ကြောင်း၊ ထို့ပြင် ကိုမောင်မြင့် ၊ မသဲ၊ ကိုကျော်ထွန်းနှင့် ကိုအောင်ကိုလတ်တို့ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကျဲ သတ်ဖြတ်သွားတာ စစ်ခွေးတွေ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတာလည်း ၄ ဦးလောက်ရှိတယ်။ ဘာတိုက်ပွဲမှ ဖြစ်ပွားတာမရှိဘဲနဲ့ကို ဗုံးကျဲပြီး ပြည်သူတွေကို သတ်ဖြတ်သွားတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က တောင်ငူခရိုင် စစ်တောင်းမြစ်အနီး ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် လက်ရှိချိန်တွင် ကျေးရွာပေါင်း ၁၀ ခုကျော်မှ ထောင်နှင့်ချီသော ပြည်သူများသည်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။






