29.6 C
Yangon

မြင်းခြံနှင့် တလုပ်မြို့တို့တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ဧပြီလ အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြား၊ စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ထောင်နှင့်ချီကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၉

မန္တလေးတိုင်း၊ မြင်းခြံနှင့် တလုပ်မြို့တို့တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်များ ဧပြီလ အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ သေဆုံးသူများပြားကာ စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး နေအိမ် ထောင်နှင့်ချီကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

ဧပြီလ ၁၂ ရက်နေ့မှ ၂၄ ရက်နေ့ထိ မြင်းခြံမြို့နယ်၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ၊ ကျည်းပင်ကန်ရွာနှင့် ဆိတ်ကုန်းရွာများကို စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း၊ ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့ဘက်မှလည်း ရဲဘော် ၃ ဦး ကျဆုံးခဲ့ကြောင်း သိရသည်။

အလားတူ တလုပ်မြို့အတွင်းကိုလည်း ဧပြီလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ခုခံတိုက်ခဲ့ရာ ၁၂ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၂၈ ဦး ပြင်းထန်ဒဏ်ရာရရှိကာ တော်လှန်ရေးရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဖက်ပင်အိုင်ရွာ၊ အိုင်းမရွာ၊ ကျောင်းဖြူကန်ရွာ၊ တူရွင်းဘို့ရွာ၊ ကျီးပင်ကန်ရွာ၊ ဆိတ်ကုန်းရွာ၊ ထိန်ပန်းရွာ၊ ရွာသစ်ရွာ ၊ ရဲတိုင်ရွာ၊ မြို့ကြီးကုန်းရွာ၊ မြောက်ရွာလေးရွာ၊ ပျိုးကန်ရွာ၊ ပျားရွာအတွင်းရှိ ထောင်နှင့်ချီသော နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဖက်ပက်အိုင်ရွာမှ ပြည်သူ ၈ ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး စစ်ကြောင်းက မြင်းခြံမြို့နယ် အတွင်း စစ်ကြောင်းထိုးပြီး သူတို့ဝင်ရောက်စီးနင်းတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက်ခိုးယူသွားတာ နေအိမ် ထောင်နဲ့ချီပြီးလည်း မီးလောင်ပြာကျသွားတယ်။ ဖက်ပက်အိုင်ရွာက ပြည်သူ ၈ ဦးကိုလည်း စစ်ခွေးတွေက သတ်ဖြတ်သွားတယ်။ ထိတွေ့ တိုက်ပွဲကလည်း ဆက်တိုက်ကို ဖြစ်ပွားခဲ့တယ်” ဟု ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် မီးလောင်ပြာကျခဲ့သော ရဲတိုင်ရွာနှင့် မြို့ကြီးကုန်းရွာမှ ပြည်သူပိုင် နေအိမ်များ

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article