28.8 C
Yangon

အာရက္ခတပ်တော် AA နှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ညှိနှိုင်းပြီးနောက် ရခိုင်ဘက်တွင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၄ ဦးကို ပြန်လွှတ်ပေး

Must read

ရန်ကုန်၊ မေ ၁၀

အာရက္ခတပ်တော် AA နှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား ညှိနှိုင်းပြီးနောက် ရခိုင်ဘက်တွင် ငါးခိုးဖမ်း၍ ဖမ်းဆီးခံထားရသည့် ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၄ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ဘင်္ဂလားဒေ့ရှ်မှ လာသော သတင်းများအရ သိရှီရသည်။

မေလ ၉ ရက်နေ့ ဘင်္ဂလားပင်လယ်အော်အတွင်း ငါးခိုးဖမ်းနေစဉ် ဖမ်းဆီးခံခဲ့ရသည့် ဘင်္ဂလားဒေ့ရှ်တံငါသည် ၁၄ ဦးကို AA က ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ထံသို့ ပြန်လည် လွှဲပြောင်းပေးလိုက်ကြောင်း ၊အဆိုပါ တံငါသည်များကို စနေနေ့က နာဖ်မြစ် (Naf River) ၏ Zero Line (နယ်စပ်မျဉ်း) တွင် လွှဲပြောင်းလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ထိုမှတစ်ဆင့် တက္ကနာ့ဖ် (Teknaf) မြူနီစီပယ်ရှိ ဂျာလီယာပါရာ (Jaliapara) အကူးအပြောင်းဆိပ်ခံတံတားသို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရှိရသည်။

ပြန်လည်လွတ်မြောက်လာသူများထဲတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၃ ဦးနှင့် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ခိုလှုံနေသည့် ရိုဟင်ဂျာတစ်ဦး ပါဝင်ကြောင်း၊ BGB ၏ ထုတ်ပြန်ချက်အရ အဆိုပါတံငါသည်များမှာ ၂၀၂၅-၂၀၂၆ ငါးဖမ်းရာသီအတွင်း ဘင်္ဂလားပင်လယ်အော်၌ ငါးဖမ်းနေစဉ် သတိမထားမိဘဲ မြန်မာ့ရေပိုင်နက်အတွင်းသို့ ဝင်ရောက်မိခဲ့ကြခြင်းဖြစ်ကြောင်း၊ ထိုသို့ဝင်ရောက်မိချိန်တွင် အာရက္ခတပ်တော် (AA) က ဖမ်းဆီးပြီး မြန်မာနိုင်ငံအတွင်းရှိ နေရာအသီးသီးတွင် ထိန်းသိမ်းထားခဲ့ခြင်း ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဆိုသည်။

၎င်းတို့ကို ပြန်လည်လွတ်မြောက်စေရန်အတွက် ကော့ဘဇား (Cox’s Bazar) ဒေသရှိ BGB တာဝန်ရှိသူများက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံချက်များဖြင့် အာရက္ခတပ်တော် (AA) နှင့် ကာလရှည်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ရပြီး အဆိုပါ ညှိနှိုင်းမှုများကြောင့် ယခုကဲ့သို့ ပြန်လည်ခေါ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်ဟု သိရှိရသည်။

တက္ကနာ့ဖ်တပ်ရင်း (Teknaf Battalion) မှ တပ်မှူး ဒုတိယဗိုလ်မှူးကြီး Hanifur Rahman Bhuiyan က “နယ်စပ်ကို ကာကွယ်ရုံတင်မကဘဲ သာမန်ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ကျွန်တော်တို့ အလေးထားပါတယ်။ လူသားချင်းစာနာမှု ရှုထောင့်ကနေ အမြဲတမ်းကြိုးစားခဲ့လို့ ဒီတံငါသည်တွေကို ပြန်လည်ခေါ်ဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

လက်ရှိတွင် ပြန်လည်ရောက်ရှိလာသည့် တံငါသည်များကို ကိုယ်ရေးအချက်အလက် စိစစ်မှုများ ပြုလုပ်နေပြီး၊ စိစစ်ပြီးပါက ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှတစ်ဆင့် မိသားစုများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သွားမည် ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံအတွင်း ကျန်ရှိနေသေးသည့် အခြားသော ဘင်္ဂလားဒေ့ရှ်တံငါသည်များကိုလည်း ဆက်လက်ခေါ်ဆောင်နိုင်ရန် BGB က AA နှင့် ဆက်လက်ညှိနှိုင်းကြိုးပမ်းနေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article