27 C
Yangon

သရက်ချောင်းမြို့နယ် လဝကရုံးမှ ဒုလဝကမှူး ဒေါ်မေဂျာသော် ထားဝယ်မြို့သို့ ပြန်လာစဉ် ဖမ်းဆီးခံရ၊ ဖောင်းပြင်မြို့ ထွေ/အုပ်ရုံးနှင့် စာသင်ကျောင်းရှိ စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Must read

ရန်ကုန်၊ မေ ၁၁

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် လဝကရုံးမှ ဒုလဝကမှူး ဒေါ်မေဂျာသော် ထားဝယ်မြို့သို့ ပြန်လာစဉ် ဖမ်းဆီးခံရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့တွင် သရက်ချောင်းမြို့နယ် လဝက ရုံးမှ ဒုလဝကမှူး ဒေါ်မေဂျာသော် သည် ထားဝယ်မြို့ရှိ ၎င်းမိသားစုထံ ပြန်လာစဉ် ထားဝယ်-သရက်ချောင်း လမ်းပိုင်း ရန်တောင်ရွာနှင့် ညောင်ဇင်ရွာအကြားတွင် လက်နက်ကိုင် လူတစ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်သည့် မည်သည့်နေရာကို ဖမ်းဆီးသွားသည်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“သူဖမ်းဆီးခံရတာဟုတ်ပါတယ်။ ထားဝယ်-သရက်ချောင်း လမ်းပိုင်းမှာ ဖမ်းခံရတာ တော်လှန်ရေးဘက်က ဖမ်းတာလား။ စစ်ခွေးတွေကပဲ ပြန်ပြီး ဖမ်းတာလားဆိုတာတော့ မသိရသေးဘူး။ ကျနော်တို့လည်း စုံစမ်းလို့မရသေးဘူး။ ဖမ်းဆီးခံရတာဟုတ်တယ်လို့ပဲ အတည်ပြုနိုင်သေးတယ်” ဟု တော်လှန်ရေး စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့ရှိ ထွေ/အုပ်ရုံးနှင့် စာသင်ကျောင်းရှိ စစ်တပ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖောင်းပြင်မြို့နယ် ဆက်သွယ်ရေးနှင့် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ကိုဆင်ပေါက်ကြီးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဖောင်းပြင်မြို့တွင်းရှိ မြို့နယ် ထွေ/အုပ်ရုံး နှင့် အမှတ် ၂ စာသင်ကျောင်းကို တော်လှန်ရေးတပ်ဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ထွေ/အုပ်ရုံးကို လက်နက်ကြီး ၁ လုံးနှင့် အမှတ် ၂ စာသင်ကျောင်းကို လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုကြောင့် ပျူစောထီး ကြည်စိုးသာ၊ အမည်မသိ ပျူစောထီး ၁ ဦး၊ Non-CDM ကျောင်းဆရာ ၁ ဦး၊ အကြမ်းဖက် စစ်တပ် လက်အောက်ခံ လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး (လုံကြမ်း) အဖွဲ့ဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ဖောင်းပြင်မြို့နယ်က ကျေးရွာတွေကို စစ်ခွေးက လက်နက်ကြီးနဲ့ပစ်ခတ်ပြီး ပြည်သူတွေကို သတ်ဖြတ်နေလို့ မြို့ပေါ်က စစ်ခွေးတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တာပါ” ဟု ဖောင်းပြင်မြို့နယ် ဆက်သွယ်ရေးနှင့် သတင်းမှန်ပြန်ကြားရေး တာဝန်ခံ ကိုဆင်ပေါက်ကြီးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က မေလ ၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၅ မိနစ်ခန့်တွင် ဖောင်းပြင်မြို့နယ်၊ မင်းယားစံပြကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၁၂၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ မင်းယားစံပြရွာမှ အသက် ၇၈ နှစ်အရွယ် ဒေါ်မယ်စိန်နှင့် အသက် ၇၅ နှစ်အရွယ် ဒေါ်မြသိန်း တို့ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း၊ အလားတူ ယင်းနေ့ မွန်းလွဲ ၃ နာရီမှ ညနေ ၄ နာရီထိ အကြမ်းဖက် စစ်တပ်က ဖောင်းပြင်မြို့နယ်၊ နောင်ရင်းရွာကိုလည်း ဒရုန်းများဖြင့် ၆၀ မမ ဗုံး ၆ လုံး၊ ၁၂၀ မမ ဗုံး ၁ လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ အမျိုးသား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article