ရန်ကုန်၊ မေ ၁၁
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နှင့် ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်နှင့် ရဲတပ်ဖွဲ့က လမ်းဆုံလမ်းခွများနှင့် နေအိမ်များအတွင်းထိ ဝင်ရောက်စီးနင်းကာ အသက်မပြည့်သေးသူများ အပါအဝင် လူငယ်အများအပြားကို အဓမ္မပေါ်တာဆွဲခြင်းနှင့် ငွေညှစ်ပြန်လွှတ်ပေးခြင်းများကို လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။
မုံရွာမြို့ပေါ်တွင် မေလ ၉ ရက်နှင့် မေလ ၁၀ ရက်နေ့တို့၌ အကြမ်းဖက်စစ်တပ်က အင်အားသုံးကာ အသက် ၁၇ နှစ်မှ ၂၅ နှစ်ဝန်းကျင်ရှိ လူငယ် ၅၀ ကျော်ကို ပေါ်တာဆွဲဖမ်းဆီးခဲ့သည်။ စစ်တပ်သည်မုံရွာ မြို့ပေါ်ရှိ ကျောက္ကာလမ်း၊ ရွှေဝါရောင်လမ်း၊ အေးရိပ်သာလမ်းနှင့် ကမ်းနားလမ်း စသည့်လူစည်ကားရာ နေရာများကို ကားများဖြင့် ပိတ်ဆို့ကာ လူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
“စစ်ခွေးတွေက ကျောက္ကာလမ်းမီးပွိုင့် မျိုးဆက်သစ် လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ရှေ့မှာ လူငယ် ၁၀ ဦးခန့်၊ ရွှေဝါရောင်လမ်းနဲ့ အေးရိပ်သာလမ်းမှာ ၈ ဦး၊ စုစုပေါင်း ၁၈ ဦးကို ဘောက်ဇီကားနဲ့ ခွေးဘီလူးကားပေါ် ခွဲတင်သွားပါတယ်။ မေလ ၁၀ ရက်နေ့ကလည်း ကမ်းနားလမ်း၊ ပြည်ထောင်စုလမ်း၊ မြဇီးခြံ၊ သမ္မစိတ္တလမ်းနဲ့ စက်မှုဇုန်ဘက်တွေက အလုပ်ပြန်လူငယ် ၂၃ ဦးကျော် ထပ်ဖမ်းခံရတယ်။ အဲဒီကားတန်းတွေဟာ သစ်တောလမ်းက ရဲသင်တန်းစခန်းအတွင်းကို ဝင်သွားတာ တွေ့ရပါတယ်။”ဟု ဖမ်းဆီးခံလူငယ်တစ်ဦး၏ ဆွေမျိုးတစ်ဦးက ပြောဆိုသည်။
၎င်းက ဆက်လက်၍ ဖမ်းဆီးခံရသူများကို မိသားစုနှင့် တွေ့ခွင့်မပေးသလို ငွေဖြင့် ပြန်ရွေးရန် ကမ်းလှမ်းသော်လည်း လက်မခံဘဲ စစ်တပ်က စစ်မှုထမ်းပေါ်တာဆွဲရန်အတွက်သာ ရည်ရွယ်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု တုံ့ပြန်ပြောဆိုကြောင်း သိရှိရသည်။
ထို့အတူ မုံရွာမြို့တွင် မေလ ၃ ရက်နေ့ကတည်းက အာဇာနည်လမ်း၊ နန္ဒဝန်စက်မှုလမ်းနှင့် မြဇီးခြံလမ်း စသည့်နေရာများကို ပိတ်ဆို့ကာ လူငယ်များကို စနစ်တကျ ပစ်မှတ်ထား ဖမ်းဆီးနေခြင်းဖြစ်သည်။
အလားတူ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင်လည်း မေလ ၉ ရက်နေ့ ညပိုင်းက လမ်းဘေးတွင် ဘီယာထိုင်သောက်နေသည့် ကရင်တိုင်းရင်းသားလူငယ် ၄ ဦးကို ရဲတပ်ဖွဲ့က အိမ်စီးကားဖြင့် ရောက်ရှိလာပြီး ဖမ်းဆီးသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
“မေလ ၉ ရက်နေ့ ည ၇ နာရီခွဲလောက်မှာ အင်းစိန်၊ မညက ၂၄ မီနီမားကတ်ရှေ့က ဆံရှည်ကွမ်းယာဆိုင်မှာ ဘီယာထိုင်သောက်နေတဲ့ ကရင်လူငယ် ၄ ယောက်ကို အိမ်စီးကားအဖြူနဲ့ ရဲတွေရောက်လာပြီး လာဖမ်းသွားတယ်။ လမ်းဘေးအရက်သောက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းသွားတာပါ။ အဲဒီနောက် ရဲစခန်းမှာ တစ်ယောက်ကို ငွေကျပ် ၈ သိန်းစီ တောင်းပြီးတော့ မေလ ၁၀ ရက်နေ့ မနက်ကျမှ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။”
လက်ရှိတွင် စစ်ကောင်စီသည် ၎င်းတို့၏ စစ်အင်အားအတွက် လူငယ်များကို ပေါ်တာဆွဲခြင်း သို့မဟုတ် ငွေညှစ်ရန်အတွက် အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခြင်းများကို နည်းမျိုးစုံဖြင့် လုပ်ဆောင်နေသည့်အတွက် မြို့ခံလူငယ်များအကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြလူငယ်များကို အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။(ပုံအဟောင်းကို အသုံးပြုထားပါသည်။




