ရန်ကုန်၊ မေ ၁၁
ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်နှင့် လက်ပံတန်းမြို့နယ်ရှိ စစ်တပ်ဂိတ်စခန်းနှင့်ကင်းပုန်းများကို တိုက်ခိုက် ခဲ့ရာ စစ်သားနှင့် ပျူစောထီး ၆ ဦး သေဆုံးခဲ့ကြောင်း အမှတ် ၂ စစ်ဆင်ရေးနယ်မြေ ထုတ်ပြန်ချက်နှင့် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောဆိုချက်အရ သိရသည်။
ယမန်နေ့ မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက အုတ်ဖိုမြို့နယ်၊ အေးမြသာယာမြို့သစ်၊ မြို့အဝင်ရှိ ပျူစော ထီးစခန်းကို အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်လက်အောက်ခံ ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ လွှစင်ကျေးရွာ၌ အကြမ်းဖက်စစ်တပ်၏ ကင်းပုန်းတပ်ဖွဲ့များနှင့် ပဲခူးတိုင်း စစ်ဌာန၊ အမှတ် ၃၈၀၁ တပ်ရင်း၊ တပ်ခွဲ ၅ တို့ကြား ထိတွေ့ တိုက် ပွဲ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်မှ တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အလားတူ မေလ ၉ ရက်နေ့တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကွမ်းခြံကျေးရွာရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကိုလည်း ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ တပ်ဖွဲ့များ နှင့် သာယာဝတီခရိုင်၊ ပကဖ တပ်ဖွဲ့ ၁ ၊ ၂ တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိ ခိုက်သေဆုံးမှုရှိနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။
“လက်ပံတန်းမြို့နယ် ရန်ကုန်-ပြည် လမ်းဘေးက စစ်ခွေး အင်အား ၂၀ ခန့်နဲ့ တပ်စွဲထားတဲ့ ကွမ်းခြံဂိတ်ကို ၄၀ မမ ဗုံး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်လောက် ဖြစ်ပွားခဲ့တယ်။ ဂိတ်စခန်းထဲက ဘန်ကာတွေ ပျက်စီးသွားပြီး စစ်ခွေးတွေလည်း ထိခိုက်ဒဏ်ရာရတယ်” ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်




