26.1 C
Yangon

ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းရွာတွင် ငလျင်ဘေးထောက်ပံ့ကြေးကို အုပ်ချုပ်ရေးမှူးက အမှန်တကယ်နစ်နာသူများကို မပေးဘဲ “ဝေစုခွဲ” ယူနေ၊ တိုင်ကြားသူများကိုပါ ပြန်လည်ခြိမ်းခြောက်မှုများရှိနေ

Must read

ရန်ကုန်၊ မေ ၁၂

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာအုပ်စုတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် ပေးအပ်သည့် ထောက် ပံ့ကြေးများကို ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူက အမှန်တကယ်နစ်နာသူများကို မပေးဘဲ လုပ်ကြံမဟုတ်မမှန်စာရင်းတင်ပြကာ ဝေစုခွဲယူနေကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ရမည်းသင်းမြို့နယ်၊ သိမ်ကုန်းကျေးရွာ၊ ရပ်ကွက် (၁၃) တွင် အိမ်ခြေ ၁၇၀ ကျော်ရှိသည့်အနက် အမှန်တကယ် ငလျင်ကြောင့် ပျက်စီးခဲ့သည့်အိမ်မှာ ၅ အိမ်ခန့်သာရှိသော်လည်း၊ အုပ်ချုပ်ရေးမှူးက လုံးဝပျက်စီးခြင်းမရှိသည့် အိမ်များကိုပါ စာရင်းထဲထည့်သွင်းကာ စုစုပေါင်း ၁၃ အိမ်စာရင်းဖြင့် ထောက်ပံ့ကြေးတင်ပြခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ထိုသို့မဟုတ်မမှန်စာရင်းသွင်းခံရသည့် အိမ်ပိုင်ရှင်များထံမှလည်း ထောက်ပံ့ကြေးရရှိပါက အုပ်ချုပ်ရေးမှူးအား “ဝေစု (Share)” ပြန်လည်ခွဲပေးရမည်ဟု ကြိုတင်ညှိနှိုင်းထားကြောင်း သိရသည်။

“ရွာမှာ တကယ်ပျက်တာက ၅ အိမ်ပဲရှိတာပါ။ ဒါကို အုပ်ချုပ်ရေးမှူးက လုံးဝမပျက်တဲ့အိမ်တွေကိုပါ စာရင်းထဲထည့်ပြီး ၁၃ အိမ်ဆိုပြီး တင်လိုက်တယ်။ အဲဒီစာရင်းထဲပါတဲ့ အိမ်ပိုင်ရှင်တွေကိုလည်း ပိုက်ဆံရရင် ဝေစုပြန်ခွဲပေးရမယ်လို့ ကြိုပြောထားတယ်လို့ သိရပါတယ်။ တကယ်ဒုက္ခရောက်တဲ့သူတွေက နစ်နာပြီး မသမာသူတွေက ဘေးအန္တရာယ်အပေါ် အမြတ်ထုတ်နေကြတာပါ။”ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

အဆိုပါ အဂတိလိုက်စားမှုကိစ္စနှင့်ပတ်သက်၍ ယခင်က မြို့နယ်ရုံးသို့ တိုင်ကြားမှုများ ပြုလုပ်ခဲ့သော်လည်း အထက်မှလာရောက်စစ်ဆေးခြင်းမရှိသည့်အပြင် သတင်းပေါက်ကြားမှုများကြောင့် တိုင်ကြားသူများမှာ အုပ်ချုပ်ရေးမှူး၏ ပြန်လည်ခြိမ်းခြောက်ခြင်းကိုပါ ခံနေရကြောင်း သိရသည်။

“မြို့နယ်ရုံးကို တိုင်ဖူးပေမဲ့ အထက်ကလည်း လာမစစ်ဘူး။ သတင်းက ပေါက်သွားတော့ တိုင်တဲ့သူကို အုပ်ချုပ်ရေးမှူးက ပြန်ခေါ်ပြီး ခြိမ်းခြောက်တာမျိုးတွေ လုပ်ပါတယ်။ ဒါကြောင့် ပြည်သူတွေက မတရားမှုကို သိပေမဲ့ ကြောက်နေကြရတယ်။ ဒါကို လူသိရှင်ကြားဖြစ်အောင် သတင်းဖော်ပြပေးပြီး တာဝန်ရှိသူတွေ အရေးယူပေးဖို့ ကူညီပေးစေချင်ပါတယ်။” ဟု သိမ်ကုန်းကျေးရွာသားက ရှင်းပြသည်။

လက်ရှိတွင် ရမည်းသင်းမြို့နယ်အတွင်း ငလျင်ဘေးကြောင့် ထိခိုက်ခဲ့သည့် ပြည်သူများအတွက် ထောက်ပံ့ကြေးများမှာ အမှန်တကယ် လိုအပ်နေသူများလက်ထဲသို့ မရောက်ရှိဘဲ ကျေးရွာအုပ်ချုပ်ရေးပိုင်းမှ မသမာသည့်နည်းလမ်းများဖြင့် ကိုယ်ကျိုးရှာနေမှုကြောင့် အမှန်တကယ် ငလျင်ဒဏ်သင့်ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article