ရန်ကုန်၊ မေ ၁၄
မကွေးတိုင်း၊ နတ်မောက်မြို့နယ်နှင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အစပ်တွင် အကြမ်းဖက်စစ်တပ်၏ ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အကျအဆုံးများပြားပြီး ဒရုန်းဗုံးအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ယနေ့ မေလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၄၂ မိနစ်ခန့်တွင် နတ်မောက်မြို့နယ်မှ ရမည်းသင်းမြို့နယ်ဘက်သို့ ပြန် လည်ထွက်ခွာလာသော အင်အား ၁၅၀ ဝန်းကျင်ပါဝင်သည့် စစ်တပ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးရဲဘော်များက မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဦးစီးတပ်မှ တာဝန်ရှိသူက “စစ်ခွေး အင်အား ၁၅၀ ဝန်းကျင်ရှိတာပါ။ အသေစာရင်းတော့မသိရသေးဘူး။ ကား ၁ စီးတော့ မိုင်းကွင်းအတွင်းမှာ ပျက်နေတယ်လို့သိရပါတယ်။ စစ်ကြောင်းက အင်အား အများအပြားနဲ့ ဝင်ရောက်လာတဲ့ အချိန် မိုင်းဆွဲခဲ့တာပါ။ မိုင်းကွင်းအနီးမှာပဲ စစ် ကြောင်းရှိနေသေးတာကြောင့်ပါ။ စစ်ခွေးဘက်က ထိခိုက်သေဆုံးမှုရှိနိုင်ပါတယ်။ ဒရုန်းဗုံးနှစ်လုံးပဲ သိမ်း ဆည်းရှိပါတယ်။ ကျန်တာတော့သိမ်းဆည်းရမိတာမျိုးမရှိသေးပါဘူး။ စစ်ကြောင်းက ဒရုန်းအသုံးနေတာကြောင့် ထိခိုက်မှုများမဖြစ်ရအောင် စစ်ကြောင်းနဲ့ အဝေးမှာရှောင်တိမ်းကြဖို့နဲ့ တော်လှန်ရေးတပ်ဖွဲ့များ ဝန်းရံကြပါဖို့ တိုက်တွန်းချင်ပါတယ်”ဟု ပြောဆိုသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်ဘက်မှ အထိနာသွားသည့်အတွက် ၎င်းတို့အသုံးပြုနေကျ ဒရုန်းများကိုပင် ထပ်မံလွှတ်တင်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
အဆိုပါစစ်ကြောင်းက မေလ ၈ ရက်နေ့ကတည်းက နတ်မောက်မြို့နယ်အတွင်း နေရာအနှံ့၌ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသဖြင့် အထိနာနေသော စစ်ကြောင်းဖြစ်ပြီး ကန်သာကျေးရွာနှင့် ဖတ်တောရေရွာတို့တွင် တပ်စွဲနားနေပြီးနောက် ရမည်းသင်းဘက်သို့ ပြန်လည်ထွက်ခွာရန် ကြိုးပမ်းစဉ် ယနေ့တွင် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစစ်ကြောင်းတွင် စစ်ကား ၄ စီး၊ ထွန်စက်ကြီး ၁ စီး၊ ဆိုင်ကယ် ၁၀ စီးနှင့် ခြေလျင်အင်အား အလုံးအရင်း ပါဝင်ပြီး လမ်းတလျှောက်တွင်လည်း ဒရုန်းဖြင့် ဗုံးကျဲကာ လမ်းကြောင်းရှင်းခြင်းနှင့် ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။




