27 C
Yangon

မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့သို့ တင်ပို့မည့် ထိုင်းဘတ် ၁၀ သန်းဖိုးရှိ မီးစက်နှင့် လျှပ်စစ်ပစ္စည်းများကို ထိုင်းလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီး

Must read

ရန်ကုန်၊ မေ ၁၄

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်အတွင်း မြန်မာနိုင်ငံ၊ ဘုရားသုံးဆူမြို့ဘက်သို့ မှောင်ခိုတင်ပို့ရန် ကြိုးပမ်းသည့် ကာလတန်ဖိုး ထိုင်းဘတ် ၁၀ သန်းခန့်ရှိ လျှပ်စစ်မီးစက်များနှင့် လျှပ်စစ်ထိန်းချုပ်မှုစနစ်များကို ထိုင်းနိုင်ငံ Surasi အထူးတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ထိုင်းနိုင်ငံသား ၃ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။

မေလ ၁၃ ရက်နေ့ ညပိုင်း ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စုရှိ အဝေးပြေးလမ်းမအမှတ် ၃၂၃ (ဆန်ခလဘူရီ–ဘုရားသုံးဆူလမ်းပိုင်း) ပေါ်တွင် သံသယဖြစ်ဖွယ် ကုန်တင်ကား ၃ စီးကို စစ်ဆေးရာမှ ဖမ်းဆီးရမိခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ကားများပေါ်တွင် ဒီဇယ်မီးစက်ကြီး ၂ လုံးနှင့် လျှပ်စစ်ထိန်းချုပ်မှုဗီဒို (Electrical control cabinets) ၄ ခုကို သိမ်းဆည်းရမိခဲ့ပြီး ၎င်းပစ္စည်းများ၏ တန်ဖိုးမှာ ဘတ် ၁၀ သန်းခန့် ရှိမည်ဟု ခန့်မှန်းထား သည်။

သိမ်းဆည်းရမိသည့် မီးစက်များပေါ်တွင် တရုတ်စာလုံးများ ရိုက်နှိပ်ထားသည်ကို တွေ့ရပြီး ယာဉ်မောင်းများကို အကောက်ခွန်ဆိုင်ရာ ခွင့်ပြုချက်စာရွက်စာတမ်းများ တောင်းခံရာတွင် တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိပေ။

ဖမ်းဆီးရမိသူများ၏ ကနဦးထွက်ဆိုချက်အရ ၎င်းတို့အား သင်္ဘောတင်ပို့ရေး ကုမ္ပဏီတစ်ခုက ကန်ချနဘူရီခရိုင်၊ လတ်ယာမြို့နယ်မှ ဘုရားသုံးဆူနယ်စပ်အနီးရှိ ဝယ်ယူသူတစ်ဦးထံ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းရဲတပ်ဖွဲ့က အဆိုပါ သင်္ဘောတင်ပို့ရေး ကုမ္ပဏီပိုင်ရှင်များကို ရှာဖွေဖော်ထုတ်နိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆက်လက်တိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

မြန်မာနိုင်ငံအတွင်း လျှပ်စစ်မီး ပြတ်တောက်မှုများနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် အခြေအနေတွင် နယ်စပ်မှတစ်ဆင့် ယင်းကဲ့သို့ လျှပ်စစ်ပစ္စည်းများ မှောင်ခိုတင်ပို့မှုမှာ မြင့်တက်လျက်ရှိသည်။

မီးစက်များ မှောင်ခိုတင်ပို့မည့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့မှာ DKBA က ဗိုလ်အေဝမ်း ထိန်းချုပ်ထားပြီး တရုတ်ကျားဖြန့်ဂိုဏ်းများ ကြီးစိုးနေသော ဒေသတစ်ခုလည်းဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ် ကရင်စစ်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article