26.1 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ထောင်ဝင်စာ ပါဆယ် ပုံမှန် ပို့ခွင့်ရရှိနေသော်လည်း လူချင်းတွေ့ဆုံခွင့်ကိုမူ စစ်တပ်က ခွင့်မပြုသေးဟု ရှေ့နေအဖွဲ့ပြော

Must read

ရန်ကုန်၊ မေ ၁၆

အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးထားသော လူထုခေါင်းဆောင်နှင့်နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ပုံမှန် ပါဆယ် ပို့ခွင့်ရရှိနေသော်လည်း လူချင်းတွေ့ဆုံခွင့်မှာမူ စစ်တပ်က ခွင့်မပြုသေးဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီလ ၃၀ ရက်နေ့မှစတင်၍ နေအိမ်အချုပ်သို့ ပြောင်းရွှေ့လိုက်သော်လည်း မည်သူကိုမှ တွေ့ခွင့်မပြုသေးကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ကလည်း လူချင်းတွေ့ခွင့်ရရှိရေး ကြိုးစားနေသော်လည်း ပါဆယ်ပို့ခွင့်သာ ပုံမှန် ရရှိနေပြီး စစ်တပ်က လူချင်းတွေ့ခွင့်ကိုမူ ခွင့်မပြု သေးကြောင်း ထုတ်ဖော်ပြောဆိုသည်။

” လူချင်း တွေ့ခွင့်က မပေးဘူး။ ပစ္စည်းပဲသွားပို့တာပဲ။ သွားပို့တာတော့ရတယ်။ ပါဆယ်ကို ရဲစခန်းကိုပို့။ ရဲစခန်းကို စစ်တပ်က လာယူ။ ဒါပဲရှိတယ်။ ပါဆယ် ပစ္စည်းကတော့ ဟင်းပေါ့။ မုန့်ပဲသရေစာပေါ့။ ထမင်းကတော့ သူ့ဘာသာချက်တာပေါ့။ ဟင်းကတော့ တစ်ပတ်စာ ချက်ထားတာပေါ့။ အခြောက်အခြမ်းပေါ့။ နွှေးပြီးစားတာပေါ့။ နောက်ပြီး သစ်သီးပေါ့။ ဒူးရင်းသီးတို့၊ သရက်သီးတို့ပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။

စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပမှ လူပုဂ္ဂိုလ်များဖြင့် တွေ့ခွင့်မပြုဘဲ ချုပ်နှောင်ထားသည့်အတွက် သက်ရှိထင်ရှား ရှိ၊ မရှိကို မေးခွန်းထုတ်မှုများ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်၏သားဖြစ်သူ ကိုထိန်လင်းကလည်း မိခင် သက်ရှိထင်ရှားရှိကြောင်း သက်သေပြရန် မြန်မာအကြမ်းဖက်စစ်တပ်ကို တောက်လျှောက် တောင်းဆိုမှုများ လုပ်ဆောင်လျက်ရှိသည်။

အာဆီယံ၊ ကုလသမဂ္ဂ၊ အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတကာကလည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးရန် အကြမ်းဖက်စစ်တပ်ထံသို့ တောင်းဆိုထားကြသော်လည်း စစ်တပ်က မည်သူနှင့်မှ ဒေါ်အောင်ဆန်းစုကြည်ကို​ တွေ့ခွင့်မပေးဘဲ ဆက်လက် ချုပ်နှောင်ထားခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article