28 C
Yangon

မြန်မာနိုင်ငံတွင် စားသောက်ကုန်နှင့်စက်သုံးဆီစျေးနှုန်းများ အဆမတန် မြင့်တက်နေပြီး သန်းနှင့်ချီသော ပြည်သူများ ရုန်းကန်နေရဟု WFP က သတိပေး၊ လူ ၄ ဦးတွင် ၁ ဦးမှာ ဆာလောင် မွတ်သိပ်နေဟုဆို

Must read

ရန်ကုန်၊ မေ ၁၈

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စားသောက်ကုန်နှင့် စက်သုံးဆီစျေးနှုန်းများ အဆမတန်မြင့်တက်လာရာ၊ နေ့စဥ်ရှင်သန်ရပ်တည်‌ရေးအတွက် ရုန်းကန်နေရသည့် သန်းနှင့်ချီသော မြန်မာပြည်သူပြည်သားများသည် စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်နေကြရကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က သတိပေးပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စက်သုံးဆီစျေးနှုန်းများ သုံးဆအထိ မြင့်တက်ခဲ့ကြောင်း၊ ဆန်၊ ဆီ၊ ပဲနှင့် ဆားတို့ ပါဝင်သော အခြေခံစားသောက်ကုန်များ၏ စျေးနှုန်းသည်လည်း ဒေသအများအပြားတွင် သိသိသာသာ မြင့်တက်လာလျက်ရှိပြီး ပဋိပက္ခဖြစ်ပွားရာဒေသများတွင် စျေးနှုန်းမြင့်တက်မှုအမြင့်ဆုံးဖြစ်ကြောင်း WFP က ဆိုသည်။

ပျမ်းမျှအားဖြင့် အခြေခံစားသောက်ကုန်စျေးနှုန်းသည် တစ်နိုင်ငံလုံးအနှံ့ ၁၈ ရာခိုင်နှုန်း မြင့်တက်နေပြီး၊ မကွေး တိုင်းဒေသကြီးတွင် ၃၈ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံးဖြစ်နေကြောင်း၊ ၎င်းနောက်တွင် ကရင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့၌ ၃၂ ရာခိုင်နှုန်းနှင့် ၃၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိ ဖြစ်ပွားနေသော ပြည်တွင်းပဋိပက္ခနှင့် ကမ္ဘာလုံးဆိုင်ရာ လောင်စာပြတ်လပ်မှုများ ပေါင်းစပ်လာခြင်းကြောင့် မြန်မာရပ်ရွာလူထု၏ ဘဝအခက်အခဲများ ပိုမိုဆိုးရွားလာနေခြင်းဖြစ်ကြောင်း၊ ယနေ့တွင် လူ ၄ ယောက်လျှင် ၁ ယောက်နှုန်းဖြင့် မြန်မာနိုင်ငံရှိ လူဦးရေ ၁၂ ဒဿမ ၄ သန်းသည် လတ်တလော ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်နေရပြီး၊ လူဦးရေ ၃ ဒဿမ ၇ သန်းသည်လည်း ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။

လတ်တလော ပြည်တွင်းတွင် ဝင်ငွေ၊ စုဆောင်းငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် မိသားစုများအတွက် ယခုကဲ့သို့ ကုန်စျေးနှုန်းမြင့်တက်မှုက အခြေခံစားသောက်ကုန်များကိုပင် ဝယ်ယူစားသောက်နိုင်ရန် လက်လှမ်းမမီနိုင်သော အခြေအနေသို့ တွန်းပို့လျက်ရှိကြောင်း WFP က သတိပေးသည်။

မြန်မာနိုင်ငံရှိ ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အစီအစဉ်များကို ကြီးကြပ်နေသူ Ms. Jessica Chaix က “ကမ္ဘာလုံးဆိုင်ရာလောင်စာဈေးနှုန်းတွေ မြင့်တက်လာနေချိန်မှာ နဂိုတည်းက ရုန်းကန်နေကြရတဲ့ သန်းနဲ့ချီတဲ့ပြည်သူတွေအနေနဲ့ အခြေခံလိုအပ်ချက်တွေကိုတောင် လက်လှမ်းမီနိုင်ဖို့ ပို ပိုပြီး ခက်ခဲလာပါတယ်။ EU အနေနဲ့ အရေးပါလှတဲ့ စားနပ်ရိက္ခာနှင့် အာဟာရထောက်ပံ့မှုတွေကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ ကတိပြုထားပြီး၊ အခုလို ခက်ခဲတဲ့ကာလအတွင်းမှာ အလိုအပ်ဆုံးသူတွေဆီ အကူအညီတွေ ဆက်ပြီးရောက်ရှိနိုင်ဖို့ ပံ့ပိုးကူညီနေပါတယ်” ဟု ပြောဆိုသည်။

အဆိုပါ အကျပ်အတည်းက လာမည့် မိုးသီးနှံ စိုက်ပျိုးရာသီကိုလည်း ခြိမ်းခြောက်လျက်ရှိကြောင်း၊ မြေဩဇာစျေးနှုန်းများမြင့်တက်နေခြင်းနှင့် ရရှိနိုင်မှုအကန့်အသတ်ရှိခြင်းတို့ကြောင့် မြန်မာတောင်သူများသည် မြေဩဇာအသုံးပြုမှုကို လျှော့ချနေကြကြောင်း၊ မြေဩဇာအသုံးပြုမှု ၅၀ ရာခိုင်နှုန်း လျော့နည်းပါက နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးထုတ်လုပ်မှု ၁၅ ရာခိုင်နှုန်းအထိ လျော့ကျနိုင်ပြီး၊ အကျိုးဆက်အနေဖြင့် ကုန်ဈေးနှုန်းများကို ထပ်မံမြင့်တက်စေကာ ၂၀၂၇ ခုနှစ်အထိ နိုင်ငံ၏ စားနပ်ရိက္ခာအကျပ်အတည်းကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သတိပေးထားသည်။

WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က “မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှုအခြေအနေတွေဟာ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခတွေလို ပြည်တွင်းအကြောင်းရင်းတွေပေါ်မှာပဲ အခြေခံနေတာ မဟုတ်တော့ပါဘူး။ အခုဆိုရင် ကမ္ဘာလုံးဆိုင်ရာ ရိုက်ခတ်ချက်တွေဟာလည်း စျေးဆိုင်တွေ၊ လယ်ယာစိုက်ခင်းတွေနဲ့ မိသားစုတွေဆီကိုပါ တိုက်ရိုက် သက်ရောက်လာနေပြီဖြစ်ပါတယ်” ဟု ထောက်ပြပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်း ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲကို ဖြေရှင်းနိုင်ရန်အတွက် WFP မှတစ်ဆင့် ဥရောပသမဂ္ဂ (EU) က ယူရို ၈ သန်းကို အချိန်မီ ထောက်ပံ့ကူညီလိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေဖြင့် WFP က ပဋိပက္ခ၊ နေရပ်စွန့်ခွာရမှု၊ စီးပွားရေးအခက်အခဲနှင့် ပိုမိုဆိုးရွားလာသော စားနပ်ရိက္ခာအခက်အခဲတို့ကြောင့် ထိခိုက်ခံစားနေရသော မိသားစုများကို အရေးပေါ် စားနပ်ရိက္ခာအကူအညီများ ပေးအပ်မည်ဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များနှင့် ကလေးငယ်များအတွက် အထူးအာဟာရအထောက်အပံ့များလည်း ပေးအပ်သွားမည်ဖြစ်ပြီး၊ စားနပ်ရိက္ခာဖူလုံရေးအတွက် အဖွဲ့အစည်းများအကြား ပေါင်းစပ်ညှိနှိုင်းမှုများကိုလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဥရောပသမဂ္ဂနှင့် WFP တို့က မြန်မာနိုင်ငံအတွင်း ဆာလောင်မွတ်သိပ်မှု ကင်းဝေးစေရေးအတွက် ခိုင်မာသောမိတ်ဖက်များအဖြစ် ဆက်လက်တည်ရှိနေပြီး၊ နေ့စဉ်ရှင်သန်ရပ်တည်ဖို့အတွက် စားနပ်ရိက္ခာနှင့် အာဟာရ အထောက်အပံ့များကို မှီခိုအားထားနေရသည့် သန်းပေါင်းများစွာသော ပြည်သူများအား ဆက်လက်ကူညီပံ့ပိုးသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article