ရန်ကုန်၊ မေ ၁၉
ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် ACC ၏ သီးသန့်ရှယ်ယာများကို ဝယ်ယူပြီး အကြမ်းဖက်စစ်တပ်၏ လက်နက်ပွဲစား ကျော်မင်းဦးနှင့် ဆက်စပ်နေသော Sky Aviator ကွန်ရက်က ငွေကြေးခဝါချရန် ကြိုးပမ်းနေမှု အသေးစိတ်ကို Justice For Myanmar (JFM) က စုံစမ်းဖော်ထုတ်လိုက်သည်။
ဘဏ္ဍာရေးအရှုံးပေါ်နေသည့် ACC ကုမ္ပဏီသည် နေရောင်ခြည်စွမ်းအင်လုပ်ငန်းအတွက်ဟုဆိုကာ စင်ကာပူအခြေစိုက် Sky Avia Trading နှင့် Heli Asia Trading ထိုင်းကုမ္ပဏီနှစ်ခုထံ အစုရှယ်ယာအများအပြား ရောင်းချမည်ဟု ကြေညာခဲ့သည်။
သို့သော် အဆိုပါကုမ္ပဏီနှစ်ခုစလုံးသည် စတင်တည်ထောင်ပြီးချိန်မှစ၍ ၄ လခန့်အတွင်း စီးပွားရေးလုပ်ဆောင်မှု လုံးဝမရှိဘဲ မတည်ရင်းနှီးငွေအားလုံးနီးပါးကိုလည်း ၎င်းတို့၏ တစ်ဦးတည်းသော ဒါရိုက်တာ Wee Lee Lian ထံ ချေးငွေအဖြစ် ပြန်လည်ထုတ်ပေးထားသည့် အမည်ခံစာရွက်စာတမ်းကုမ္ပဏီများသာ ဖြစ်နေသည်။
လက်ရှိအစီအမံအရ Sky Aviator ကွန်ရက်သည် ACC ၏ ရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်း ကို ရရှိကာ အကြီးဆုံးရှယ်ယာရှင် ဖြစ်လာမည်ဖြစ်သည်။ ဤပမာဏသည် အိတ်ဖွင့်တင်ဒါခေါ်ယူရမည့် သတ်မှတ်ချက်ဖြစ်သော ၂၅ ရာခိုင်နှုန်းအောက် ရည်ရွယ်ချက်ရှိရှိ လျှော့ချထားခြင်းဖြစ်ပြီး အမှန်တကယ်အကျိုးခံစားခွင့်ရှိသည့် ပိုင်ရှင်အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်း ထုတ်ဖော်ပြသရမည့် တင်းကြပ်သော စုံစမ်းစစ်ဆေးမှုများကို ရှောင်ရှားရန် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
Sky Aviator ကုမ္ပဏီများသည် ရှယ်ယာရှင်များနှင့် ထိုင်းငွေချေးသက်သေခံလက်မှတ်လဲလှယ်ရေးကော်မရှင် (SEC) ၏ ခွင့်ပြုချက်မရမီ ထိုင်းဘတ်ငွေ ၃၄၈ သန်း (အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်) အား ACC ၏ ဘဏ်အကောင့်ထဲသို့ ကြိုတင်လွှဲပြောင်းခဲ့သည်။
ထို့ပြင် ACC မန်းနေးဂျင်းဒါရိုက်တာ Vichien Uasanguankul ကလည်း တစ်နှစ်ပြည့်လျှင် ရှယ်ယာအားလုံးကို ကိုယ်တိုင်ပြန်ဝယ်ပေးမည်ဟု လျှို့ဝှက်ကတိပြုထားပြီး ၂၆ ရာခိုင်နှုန်းအထိ မြင့်မားသော အတိုးနှုန်းရ ကာလတိုချေးငွေပုံစံမျိုးဖြင့် လုပ်ဆောင်ခဲ့သဖြင့် SEC ၏ မေးခွန်းထုတ်မှုကို ခံခဲ့ရသည်။
ACC ၏ လွတ်လပ်သော ဘဏ္ဍာရေးအကြံပေးဖြစ်သူ Welcap Advisory ကရင်းနှီးမြှုပ်နှံသူများ၏ ငွေရင်းမြစ်နှင့် အမှန်တကယ်အကျိုးခံစားခွင့်ရှိသူများနှင့် ပတ်သက်၍ မရေရာမှုများ၊ အန္တရာယ်များရှိနေသဖြင့် ယခုအရောင်းအဝယ်ကို ဆက်လက်မလုပ်ဆောင်သင့်ကြောင်း သတိပေးခဲ့သည်။
သို့သော်လည်း ACC ဘုတ်အဖွဲ့သည် ၎င်းကို လျစ်လျူရှုကာ အထွေထွေအစည်းအဝေး၌ သီးသန့်ရှယ်ယာ သန်း ၇၀၀ ရောင်းချခြင်းကိစ္စကို အတည်ပြုရန် ထောက်ခံချက် ပေးခဲ့သည်။
နိုင်ငံတကာက ကျော်မင်းဦးနှင့် Sky Aviator ကို ပိတ်ဆို့အရေးယူထားသော်လည်း စင်ကာပူနှင့် ထိုင်းရှိ အမည်ခံကုမ္ပဏီများအပေါ် ပိတ်ဆို့မှုလစ်ဟာချက်ကို ယခုကွန်ရက်က အလွဲသုံးစားလုပ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ထိုင်း SEC နှင့် အာဏာပိုင်များအနေဖြင့် ယခုရှယ်ယာလွှဲပြောင်းမှုကို ငြင်းပယ်ရန်နှင့် Krung Thai Bank ရှိ ကြားခံအကောင့်ထဲက ဘတ် ၃၄၈ သန်းကို ထိန်းချုပ်ပိတ်ဆို့ထားရန်၊ စင်ကာပူအာဏာပိုင်များအနေဖြင့် ဒါရိုက်တာ Wee Lee Lian ၏ မဟာဗျူဟာကုန်စည်ဥပဒေချိုးဖောက်မှုနှင့် ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရန်၊ အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနှင့် ဩစတြေးလျတို့အနေဖြင့် Sky Aviator ကွန်ရက်တစ်ခုလုံးရှိ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်အားလုံးအပေါ် ချိတ်ဆက်ညှိနှိုင်းထားသော ပိတ်ဆို့အရေးယူမှုများ အမြန်ဆုံးချမှတ်ရန် Justice For Myanmar က တောင်းဆိုထားသည်။




