ရန်ကုန်၊ မေ ၁၉
ထိုင်း-မြန်မာနယ်စပ်တွင် ပတ်စ်ပို့အတု ကိုင်ဆောင်ကာ မဲဆောက်မြို့သို့ ဝင်ရောက်ရန် ကြိုးပမ်းသည့် မြန်မာနိုင်ငံသား ၁၇ ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးက ထုတ်ပြန်သည်။
မေလ ၁၈ ရက်နေ့ ည ၉ နာရီ ၃၀ မိနစ်ခန့်တွင် မဲဆောက်မြို့နယ်၊ မဲပကျေးရွာအုပ်စုအတွင်းရှိ ဘန်ဟွေဟင်ဖုန် လုံခြုံရေးပူးပေါင်းစစ်ဆေးရေးဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးအရာရှိများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေးအရေးယူမှုများ ပြုလုပ်ခဲ့ရာ အသက် ၁၈ နှစ်မှ ၂၃ နှစ်ကြားရှိ မြန်မာနိုင်ငံသား လူငယ် ၅ ဦးသည် ကိုယ်ပိုင် ပတ်စ်ပို့များမရှိဘဲ တခြားသူများ၏ မြန်မာနိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ် ၅ အုပ်ကို အသုံးပြုကာ ခရီးသွားလာနေသည်ကို စစ်ဆေးတွေ့ရှိရ၍ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညပိုင်းတွင် အဆိုပါ ဟွေဟင်ဖုန်စစ်ဆေးရေးဂိတ်၌ အသက် ၂၄ နှစ်နှင့် ၃၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၂ ဦးတို့သည်လည်း မြန်မာနိုင်ငံကူးလက်မှတ် ပတ်စ်ပို့အတု စာအုပ် ၂ အုပ်နှင့် ခရီးသွားလာရာတွင် အထောက်အထားအဖြစ် ပြသရန်အတွက် အစိုးရမှထုတ်ပေးသည့် နေရပ်လိပ်စာပြောင်းလဲကြောင်း အကြောင်းကြားစာ TM-27 အတု ၂ စောင်တို့ကို စစ်ဆေးတွေ့ရှိ၍ သက်သေခံပစ္စည်းများနှင့်အတူ ထိုင်းအာဏာပိုင်များက ထပ်မံဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
အလားတူ မေလ ၁၂ ရက်နေ့နှင့် မေလ ၁၃ ရက်နေ့တွင်လည်း ဟွေဟင်ဖုန်စစ်ဆေးရေးဂိတ်တွင် ထိုင်းအာဏာပိုင်များက တရားမဝင်နိုင်ငံခြားသားများအား စစ်ဆေးအရေးယူမှုများ ပြုလုပ်နေစဉ် အသက် ၁၈ နှစ်မှ ၃၅ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁၀ ဦးသည်လည်း မြန်မာနိုင်ငံကူးလက်မှတ် ပတ်စ်ပို့စာအုပ်နှင့် နေရပ်လိပ်စာပြောင်းလဲကြောင်း အကြောင်းကြားစာ TM-27 အတုတို့ဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။
လက်ရှိချိန်တွင် ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား ၁၇ ဦးကို ပတ်စ်ပို့အတုကို အသုံးပြုခြင်း၊ အစိုးရရုံးသုံးစာရွက်စာတမ်းအတု အသုံးပြုခြင်း၊ တခြားသူများ၏ ပတ်စ်ပို့ကို တရားမဝင် အသုံးပြုခြင်းနှင့် တရားမဝင် ထိုင်းနိုင်ငံအတွင်း ဝင်ရောက်နေထိုင်မှု စသည့် သက်ဆိုင်ရာ စွဲချက်အသီးသီးဖြင့် ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရန် မဲဆောက်မြို့မရဲစခန်းသို့ ပို့ဆောင်ကာ အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
ထိုင်းရဲတပ်ဖွဲ့အနေဖြင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများနှင့် စာရွက်စာတမ်းအတုအသုံးပြုသည့် ဝင်ရောက်လာသော တရားမဝင်နိုင်ငံခြားများကို နှိမ်နင်းရန်အတွက် စစ်ဆေးရေးဂိတ်အားလုံးတွင် နည်းပညာများ မြှင့်တင်ကာ ခရီးသွားစာရွက်စာတမ်းများကို အသေးစိတ် တင်းကျပ်စွာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။






