ရန်ကုန်၊ မေ ၂၀
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့အနီးတွင် အကြမ်းဖက် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပြာကျကာ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၀ ရက်နေ့မှစတင်၍ အကြမ်းဖက် စစ်တပ်၏ တောင်မော်ဦးရေတပ်စခန်းမှ အင်အားအလုံးအရင်းဖြင့် AA ထိန်းချုပ်ထားသော စနဲမြို့အနီးတစ်ဝိုက်နှင့် ဇင်ချောင်းတို့ကို သိမ်းပိုက်ရန်နှင့် ကျောက်ဖြူ-ရမ်းဗြဲ လမ်းပိုင်းကို ထိန်းချုပ်ရန်အတွက် စစ်ကြောင်း ၂ ကြောင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ အကြမ်းဖက် စစ်တပ်က အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသောကြောင့် နေရာတချို့ကို အခြေကုတ်ယူနိုင်ခဲ့သော်လည်း လက်ရှိချိန်တွင် အာရက္ခတပ်တော် AA က အပြင်းအထန် ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ခြင်းကြောင့် စစ်တပ် စစ်ကြောင်းသည် ရှေ့ဆက် တိုးနိုင်ခြင်း မရှိတော့ဘဲ အထိအခိုက် အကျအဆုံးများစွာဖြင့် နောက်ပြန်ဆုတ်နေရကြောင်း သိရှိရသည်။
ထိုသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ ရွှေဟင်္သာရပ်ကွက်ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ရွှေဟင်္သာရပ်ကွက်အတွင်းရှိ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျ ခဲ့ကြောင်း သိရသည်။
“အထိနာနေတဲ့ စစ်ခွေးတွေက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ မနေ့က နေ့လည်မှာ စနဲမြို့ဘက်ကို ပစ်ခတ်တိုက်ခိုက်တာ ရွှေဟင်္သာရပ်ကွက်ထဲကို ကျလို့ နေအိမ် ၅၀ ကျော်လောက်တော့ မီးလောင်ပျက်ဆီးသွားတယ်ကြားတယ်။ စနဲမြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားနေတာလည်း မဟုတ်ဘူး။ စစ်ရေးပစ်မှတ်မဟုတ်ဘဲ လူနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက်နေတာ။ လူနေအိမ်တွေကို ဗုံးကျဲတာက အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှု မြောက်ပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထိုသို့ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အရပ်သားပြည်သူများနေထိုင်ရာ မြို့ရွာများကို လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ကျောက်ဖြူမြို့နယ်အတွင်းရှိ သိုင်းချွိန်၊ တောင်မော်၊ မြောချောင်း၊ ထိန်ဒွေ၊ ပြုံးပြဲ၊ အဝတောင် အပါအဝင် ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။






