ရန်ကုန်၊ မေ ၂၁
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်ရှိ ရမ်းသစ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ သံဃာတော် ၁ ပါးနှင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ မေလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ရမ်းဗြဲမြို့နယ်၊ ရမ်းသစ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းကို အသေခံဒရုန်း ၂ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ထို ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရမ်းသစ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းမှ သက်တော် ၄၂ နှစ်အရွယ် ဆရာတော် အရှင်ဣဓကနှင့် အသက် ၁၆ နှစ်အရွယ် မောင်မြတ်ထွေးတို့တွင် ဗုံးစထိမှန်ကာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ကား ၁ စီး ပျက်စီးခဲ့ကြောင်း သိရသည်။
“မနေ့က မနက်ပိုင်း ဆွမ်းစာချိန်ကြီးမှာ စစ်ခွေးတွေက အသေခံဒရုန်း ၂ စီးနဲ့ ရမ်းသစ်ကြီးရွာမဘုန်းကြီးကျောင်းကို တမင်သက်သက် လာချသွားတာ။ ကျောင်းထိုင်ဆရာတော် ရော၊ ကျောင်းထဲက ၁၆ နှစ်အရွယ် ယောင်္ကျားလေး ၁ ဦး ဗုံးစမှန်ပြီး ဒဏ်ရာရသွားတယ်။ ထိခိုက်ဒဏ်ရာရသွားတဲ့ ဆရာတော်နဲ့ ကလေးကို အခုတော့ ဆေးကုနေရတယ်ကြားတယ်။ ကျောင်းအောက်မှာထားတဲ့ ကားလဲ ပျက်စီးတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်အစပ်ရှိ စနဲမြို့အနီး အဝတောင်နှင့် တောင်မော်ဦးရေတပ်ပတ်ဝန်းကျင်တို့တွင် အာရက္ခတပ်တော် AA နှင့် အကြမ်းဖက် စစ်တပ်တို့ကြား တိုက်ပွဲ ပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်က တိုက်ပွဲနှင့်မသက်ဆိုင်သည် အရပ်သားပစ်မှတ်များကို လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်လျက်ရှိကြောင်း၊ ရမ်းဗြဲမြို့နယ် ရမ်းသစ်ကြီးကျေးရွာတို့မှာ အဆိုပါတိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အလှမ်းဝေးသောကြောင့် အရပ်သားများအပေါ် အကြမ်းဖက် စစ်တပ်က စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း ဒေသပြည်သူများက ဆက်လက်ပြောဆိုသည်။
အလားတူ မေလ ၁၉ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့ရှိ ရွှေဟင်္သာရပ်ကွက်ကို လေကြောင်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ရာ ရွှေဟင်္သာရပ်ကွက်အတွင်းရှိ နေအိမ် ၅၀ ကျော် မီးလောင်ပြာကျ ခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာအနီးနားရှိ ကျေးရွာပေါင်း ၁၀ ရွာကျော်မှ ထောင်နှင့်ချီသောပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocopter ၄ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခ တက်လာသော Gyrocopter ၄ စီးသည် ယင်းမာပင်မြို့နယ်ရှိ ကြို့ပင်ရွာနှင့် မောက်လုပ်ရွာအနီးကို ၃ကြိမ် ဗုံးကျဲတိုက်ခိုက် ပြုလုပ်သွားကြောင်း၊ အဆိုပါ လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူများထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်ပျက်စီးမှုများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ ယနေ့ မေလ ၂၁ ရက်နေ့တွင် ဆင်စွယ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည်လည်း အင်အား ၁၀၀ ကျော်ခန့်နှင့် ဖောကား ၁ စီးတို့ဖြင့် ပန်းမထုံကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင်နေအိမ်များကို ဝင်ရောက်မွှေနှောက် ပစ္စည်းများကို ခိုးယူနေပြီး ပြည်သူပိုင် ကြက်၊ ဝက်များကိုလည်း လိုက်လံသတ်ဖြတ်စားသောက်နေကြောင်း သိရှိရသည်။
“စစ်ခွေးတွေ ဗုံးလာကျဲတာတော့ ကြို့ပင်ရွာ တောင်ဘက်နဲ့ မောက်လုပ်ရွာအနောက်ဘက်ကို လာကျဲသွားတယ်လို့ သိရတယ်။ တောထဲမှာရှိတဲ့နေရာဆိုတော့ ပြည်သူတွေအထိအခိုက်တော့ မရှိနိုင်လောက်ပါဘူး။ အသေးစိတ်စော မသိရှိရဘူး။ ယခု စစ်ကြောင်းက ဆင်စွယ်ရွာကနေထွက်ပြီး မြောက်ဘက်မှာရှိတဲ့ ပန်းမထုံးရွာ ဘက်ကိုရောက်ရှိသွားပြီလို့ သိရတယ်။ ရွာထဲဝင်ပြီး ထုံးစံအတိုင်း ပြည်သူပစ္စည်းခိုးမယ် ကြက်တွေ ဝက်တွေ လိုက်သတ်စားနေတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင်လည်း အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် မုံရွာ-ရေဦး လမ်းပိုင်းရှိ ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ မေလ ၂၁ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ မုံရွာမြို့ အခြေစိုက် နမခ မှ တက်လာသော စက်တပ်လေထီး ၁ စီးသည် မုံရွာ-ရေဦး လမ်းပိုင်းရှိ ကျေးရွာများကို ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
အလားတူ မေလ ၂၀ ရက်နေ့ကလည်း ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Gyrocoptor ၃ စီး ဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ စက်တပ်လေထီး ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၃ ကြိမ်၊ အသေခံ ဒရုန်း ၆ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ်၊ တံတားဦးမှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်း တိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ထို့ပြင် မေလ ၁၉ ရက်နေ့ ညနေ ၄ နာရီခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က Gyrocopter ၃ စီးဖြင့် ဆိပ်သာကန်ရွာ၊ နတ်ရွာ နှင့် အုတ်ဖိုရွာ အကြားကို ဗုံးကျဲ တိုက်ခိုက်ခြင်းများကြောင့် စစ်ဘေးရှောင် အသက် ၁၉ နှစ်အရွယ် အမျိုးသား ၁ ဦး နှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသား ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် မီးလောင်ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေစဉ် (ပုံအဟောင်းဖြစ်သည်)




