25 C
Yangon

ရေစကြိုတွင် ပျူစောထီးများက ပြည်သူများကို လိုက်လံ ဖမ်းဆီးပြီး ဆန်၊ ဆီ၊ ငွေကြေးများဖြင့် ပြန်လည် ရွေးယူခိုင်း၊ ထားဝယ်တွင်လည်း စစ်တပ်က ပခပ်အင်းရွာကို မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ မေ ၂၃

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပျူစောထီးများက ပြည်သူများကို လိုက်လံ ဖမ်းဆီးပြီး ဆန်၊ ဆီ၊ ငွေကြေးများဖြင့် ပြန်လည် ရွေးယူခိုင်းနေကြောင်း Yesagyo Township Info Committee အဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်တွင် ရေစကြိုမြို့နယ်၊ မင်းရွာရှိ ပျူစောထီးများသည် ကိုင်းရွာနှင့် ငတရော်ရွာ အကြားကို စစ်ကြောင်းထိုးလာပြီး တောင်ယာလုပ်‌နေသော ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ပြည်သူများကို ဆန်၊ ဆီ၊ ငွေကြေးများဖြင့် ပြန်လည် ရွေးယူခိုင်းနေကြောင်း သိရသည်။

ရေလယ်ကျွန်းဒေသတွင် ပျူစောထီးများသည် စခန်းချတပ်စွဲပြီး မင်းရွာကျေးရွာ အနီးပတ်ဝန်းကျင်ကျေးရွာများကို မကြာခဏ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ လက်ရှိချိန်တွင် မင်းရွာမှ ပျူစောထီးများသည် ရိက္ခာပြတ်နေ၍ ပြည်သူများကို ဆက်လက် ဖမ်းဆီးကာ စားနပ်ရိက္ခာများ ရွေးခိုင်ခြင်းများ ထပ်မံလုပ်ဆောင်လာနိုင်ကြောင်း တော်လှန်ရေး အင်အားစုများက အသိပေး ပြောဆိုထားသည်။

“ပျူစောထီးတွေက ရိက္ခာပြတ်ပြီးဆိုတာနဲ့ ပြည်သူတွေကို ဖမ်းဆီးပြီး စားနပ်ရိက္ခာ၊ ငွေကြေးတွေနဲ့ လဲခိုင်းတာတွေ ဆက်တိုက်လုပ်နေတာ အခုလည်း ထပ်လုပ်နေပြီဆိုတော့ သူတို့ ရိက္ခာပြတ်နေပြီထင်တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် တွင်လည်း အကြမ်းဖက် စစ်တပ်က ပခပ်အင်းရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလ ၁၉ ရက်နေ့တွင် ပခပ်အင်းရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးလာ၍ တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းမီးရှို့သွားတာ ဟုတ်ပါတယ်။ နေအိမ် ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့မသိရသေးဘူး။ စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတော့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ပျက်စီးသွားသော နေအိမ် အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ စစ်ကြောင်းက လက်နက်ကြီးများဖြင့် ကျေးရွာများကို ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေခြင်းကြောင့် ပြည်သူများ တိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို အကြမ်းဖက် စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article