ရန်ကုန်၊ မေ ၂၄
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၂ တပ်ရင်းမှ စစ်သားများနှင့် စစ်မှုထမ်းတပ်သားများကို ရခိုင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာသို့ အတင်းအကျပ် စေလွှတ်နေသဖြင့် သန္ဓေစစ်သားတစ်ဦးနှင့် စစ်မှုထမ်းတပ်သားတစ်ဦးတို့ တပ်တွင်းမှ ထွက်ပြေးလွတ်မြောက်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း Cobra One Pakokku တပ်ဖွဲ့ထံမှ သိရသည်။
မေလ ၂၁ ရက်နေ့ ပခုက္ကူခလရ ၂၅၂ တပ်ရင်းမှ စစ်မှုထမ်းအပတ်စဉ် (၁) ထဲမှ တပ်သား ကျော်ဇောထွေးသည် COBRA ONE Pakokku အဖွဲ့ထံ ဆက်သွယ်၍ အလင်းဝင်ရောက်လာခဲ့သည်။ ထို့နောက် မေလ ၂၃ ရက်နေ့တွင်လည်း အဆိုပါတပ်ရင်း၌ တာဝန်ကျနေသည့် သန္ဓေစစ်သား ဝင်းသန့်နိုင်သည် Cobra One Pakokku ထံ ထပ်မံဆက်သွယ်ကာ လွတ်မြောက်နယ်မြေသို့ ရောက်ရှိအလင်းဝင်ခဲ့သည်။
Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “ရခိုင်ဘက် ရှေ့တန်းစစ်မျက်နှာကို ပို့ခံရမှာကြောက်ပြီး ထွက်ပြေးလာတာပါ။ လက်နက်ခဲယမ်းတော့မပါဘူး။ ပထမ အသုတ်က ရခိုင်ပို့လိုက်ပြီ။ ပစ (စစ်မှုထမ်း) အပတ်စဉ် (၁) တွေ ပို့ခံရတာ။ ၂၅၂ ထဲရောက်နေတဲ့ ပစ ၃၆ ယောက် ရခိုင်ဘက်ကို ပို့ခံလိုက်ရတယ်လို့ ပြောပါတယ်။ အခုနောက်တစ်သုတ်ပို့တော့မယ်လို့ သိရတယ်။ အလင်းဝင်လာတဲ့ ပစကလည်း အပတ်စဉ် (၁) ပါပဲ။ နောက်တစ်ယောက်ကတော့ စစ်သားပါ” ဟုရှင်းပြသည်။
အာဏာသိမ်းစစ်ကောင်စီတပ်သည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် အကျအဆုံးများပြားပြီး လိုအပ်နေသည့် တပ်အင်အားကို ဖြည့်တင်းနိုင်ရန်အတွက် လူငယ်များကို လမ်းပေါ်၌ အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခြင်း၊ စစ်သင်တန်းများကို ရက်တိုအတွင်း အလျင်အမြန်ပေး၍ သေမင်းတမန် ရခိုင်ရှေ့တန်းစစ်မျက်နှာများသို့ ဇွတ်အတင်း စေလွှတ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် သွားလာလှုပ်ရှားရာတွင် အထူးဂရုစိုက်ကြရန်နှင့် စစ်တပ်၏ ပေါ်တာဆွဲဖမ်းဆီးခံရနိုင်ခြေရှိသည့် နေရာများကို သတိပြုရှောင်ရှားနေထိုင်ကြရန် တော်လှန်ရေးအဖွဲ့များက တိုက်တွန်းထားသည်။
ထို့ပြင် တပ်တွင်းရှိ စစ်ကောင်စီတပ်သားများအနေဖြင့်လည်း အသက်ဘေးမှ လွတ်ကင်းအောင် ထွက်ပြေးကြရန် Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူက ဆက်လက်တိုက်တွန်းထားသည်။
“တပ်ထဲမှာက ထွက်ပြေးချင်တဲ့သူတွေများတယ်လို့ ပြောပါတယ်။ အခွင့်မသာလို့သာ နေကြရတာရယ်၊ တချို့က အဆက်အသွယ်လည်း မရကြလို့ ဒီအတိုင်းနေကြရတာလို့ ပြောပါတယ်။ ရရာနည်းနဲ့ ထွက်ပြေးကြပါလို့တော့ တိုက်တွန်းချင်ပါတယ်။ ရှေ့တန်းမှာပါသွားရင် ပြန်မလာနိုင်ကြတဲ့သူတွေ အများကြီးပါ။ သူတို့လည်း သိထားပြီးသားဖြစ်ပါတယ်။ အခုအလင်းဝင်လာတဲ့နှစ်ယောက်ကိုတော့ သူတို့သွားချင်တဲ့နေရာကို ပို့ဆောင်ပေးထားပါတယ်”ဟု Cobra One Pakokku တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။





