ရန်ကုန်၊ မေ ၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်းကြောင့် စစ်သားနှင့် ပျူစောထီးများ ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မြိုင်မြို့နယ် ပုသိမ်-မုံရွာ လမ်းပိုင်းရှိ သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို ထိတွေ့ တိုက်ပွဲသည် ညပိုင်းတွင် မိုးရွာသွန်းခြင်းကြောင့် ခေတ္တရပ်နားထားစဉ် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများ ရွာတွင်းမှ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မေလ ၂၂ ရက်နေ့ ညပိုင်းတွင် တော်လှန်ရေးတပ်ဖွဲ့များက သရက်ကန် ပျူစောထီးရွာကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်သားများ ထိခိုက်သေဆုံးမှု အရေအတွက်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိမှု ရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
ထို့ပြင် တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း အကြမ်းဖက် စစ်တပ်ကလည်း လေကြောင်းဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာအပါအဝင် ပြည်သူများ နေထိုင်သည့် ကျေးရွာများကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“သရက်ကန် ပျူစောထီးရွာကိုတော့ တော်လှန်ရေး တပ်တွေ တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ သိရတယ်။ စစ်ခွေးတွေက တိုက်ပွဲဖြစ်နေတဲ့ အချိန် မိုးရွာလို့ ခဏရပ်ထားတာကို အကုန်ထွက်ပြေးသွားတာ အခုက ရှင်းလင်းရေး ဆက်လက် လုပ်ဆောင်နေတုန်းလို့ သိရတယ်” ဟု ဒေသတော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်စဉ် အသေးစိတ်ကို ပါဝင်တိုက်ခိုက်ခဲ့သော တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။




